လုပ်ငန်းရှင်တွေရဲ့ ဘဏ်အမည်တွေကို စစ်ကောင်စီ စာရင်းကောက်နေ

ရန်ကုန်မှာရှိတဲ့ စက်မှုဇုန် ၂၉ ခုက လုပ်ငန်းရှင်တွေ လက်ရှိ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဘဏ်အမည်စာရင်း အားလုံးကို အောက်တိုဘာလ ၂၁ ရက် ဒီနေ့ နောက်ဆုံးထားပေးပို့ဖို့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေထံ စစ်ကောင်စီရဲ့ စစ်မှုဇုန် ဖော်ဆောင်ရေးနဲ့ ကြီးကြပ် ရေးကော်မတီက အကြောင်းကြားထားပါတယ်။
ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်တိုင်း စက်မှုဇုန်များဖော်ဆောင်ရေးနဲ့ ကြီးကြပ်ရေး ကော်မတီက အောက်တိုဘာလ ၁၇ ရက်နေ့မှာကတည်းက လုပ်ငန်းရှင်တွေနဲ့ စက်မှုဇုန်ကော်မတီတွေဆီ စာထုတ်ပြန်ပြီး စာရင်းကောက်နေတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အဲဒီစာရင်းတွေဟာ ဘဏ်တွေမှာ ရှိပြီးသားဖြစ်တာကြောင့် လုပ်ငန်းရှင်တွေဆီက ထပ်ပြီး စာရင်းကောက်ရင် ကွဲလွဲမှုတွေ ရှိနိုင်တယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ကျနော်တို့ကမသိဘူး။ ဘယ်လုပ်ငန်းတွေက ဘယ်ဘဏ်တွေနဲ့ လုပ်နေလဲ သိချင်လို့ လားမသိဘူး။ ကျနော်တို့မြင်တာတော့ ဒီစာရင်းကိုကောက်မယ့် အတူတူ ဘဏ်တွေကကြည့်လိုက်ရင် ပိုသေချာတာပေါ့။ ဘဏ်တွေအကုန်လုံးက လုပ်ငန်းရှင်တွေနဲ့ပဲ အလုပ်လုပ်ကြရတာလေ။ အဲတော့ လုပ်ငန်းရှင်တွေရဲ့ ငွေစာရင်း တွေအကုန်လုံး ဘဏ်တစ်ခုခုမှာ ရှိနေမှာပဲ။ အဲဘဏ်ရဲ့ ကွန်ပျူတာစနစ်ထဲမှာ ကြည့် လိုက်ရင် ဘယ်လုပ်ငန်းတွေက ဘယ်ဘဏ်မှာ လုပ်ထားတယ်ဆိုတာ ထွက်လာမှာပဲ။ အခုလိုတောင်းပြီး ဖြည့်တဲ့အခါကျတော့ ကွဲလွဲမှုတွေ ဖြစ်နိုင်တာပေါ့”
စက်မှုဇုန်များဖော်ဆောင်ရေးနဲ့ ကြီးကြပ်ရေးကော်မတီကနေ လုပ်ငန်းရှင်တွေနဲ့ စက်မှုဇုန် ကော်မတီထံ အကြောင်းကြားတဲ့ စာထဲမှာ ရန်ကုန်တိုင်းစစ်ကောင်စီထံ အခုလ ၂၁ ရက်နေ့ အရောက် အဲဒီစာရင်းတွေ ပြန်တင်ပေးရမှာလို့ ဖော်ပြထားပါတယ်။
ဘာကြောင့် အခုလို စာရင်းတွေကောက်နေတာလဲ ဆိုတာတော့ လုပ်ငန်းရှင်တွေအနေနဲ့ တိတိကျကျမသိရသေးလို RFA အနေနဲ့လည်း သီးခြားအတည်ပြုလို့ မရသေးပါဘူး။
စစ်ကောင်စီခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က UMFCCI အပါအဝင် ရန်ကုန်တိုင်းထဲက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ရန်ကုန်မြို့မှာရှိတဲ့ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါ တယ်။