မတ္တရာမှာ စစ်ကူလာတဲ့ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန်
2024.07.02
မန္တလေးတိုင်း မတ္တရာမြို့နယ်က စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကူလာတဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်ဖို့ ပြည်ဦးလွင်ခရိုင် (ပကဖ) နဲ့ မတ္တရာမြို့နယ် (ပကဖ) တိုက်နယ် (၃) တို့က တာဝန်ယူခဲ့တာလို့ ဆိုပါတယ်။
ဇွန်လ ၂၆ နဲ့ ၂၈ ရက် နှစ်ရက်တာ တိုက်ခိုက်မှုတွေအတွင်း စစ်ကူလာတဲ့ စစ်ကြောင်းထံက ချေမှုန်းရေးရိုင်ဖယ်တွေ အပါအဝင် စုစုပေါင်းလက်နက် ၁၄ လက်နဲ့ စစ်ကားလေးစီးကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၆ ဦးကိုပါ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မတ္တရာမြို့နယ်က စခန်းသိမ်း တိုက်ပွဲတွေအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ ပူးပေါင်းတပ်တွေက အမှတ်-၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် စစ်ကောင်စီတပ်စခန်း ရှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် အရပ်သား တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။