မေလအတွင်း ဗိုလ်မှူးသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၅၀ နီးပါး CDM ဝင်လာ
2024.06.11
ဗိုလ်မှူးသုံးဦး အပါအဝင် စစ်ကောင်စီတပ်က စစ်သားနဲ့ရဲ စုစုပေါင်း ၄၅ ဦးဟာ မေလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ဗိုလ်မှူးသုံးဦးအပြင် ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးနဲ့ ဒုရဲအုပ်တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ဘက်ပြောင်းခိုလှုံလာသူတွေဆီက လက်နက် ၂၄ လက်ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူတို့ဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တွေဆီ ချိတ်ဆက်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံမဖြေဆိုပါဘူး။
မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကံမ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒိုက်နမိုက်ကလည်း မေလအတွင်း သူတို့တပ်ဖွဲ့ဆီ ဘက်ပြောင်းလာသူ လေးဦးရှိခဲ့တယ်လို့ RFA ကို ပြောတယ်။
"လေးဦးမှာ တစ်ဦးက လက်နက်ပါတယ်။ အရင်ဆုံး ပြည်သူတွေကတစ်ဆင့် ဆက်သွယ်လာတာ။ ပြီးမှ စက်နဲ့ဆက်သွယ်ပြီး လူချင်းတွေ့ လက်ခံတာပေါ့။ page က ဆက်သွယ်တာမျိုးလည်းရှိတယ်"
ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း ၁၅၀၀၀ ဝန်းကျင်ရှိတယ်လို့ RFA ကို ပြောပါတယ်။