အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် စစ်ကောင်စီ တာဝန်ယူမည်
2024.08.08
ရုရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား မိတ်ဖက်ဆက်ဆံရေးအတွက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန် ယူမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၈ ရက် ဒီနေ့မှာကျရောက်တဲ့ ၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒါဟာ ၂၀၂၄ ခုနှစ်ကစလို့ ၂၀၂၇ ခုနှစ်အထိ လေးနှစ်တာကာလ တာဝန်ယူမှာဖြစ်ပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ လေးနှစ်တာကာလမှာ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးရဲ့ ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ယူခဲ့ပြီး အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ကျယ်ပြန့်တဲ့ဆက်ဆံရေးကို လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိလာခဲ့ပြီး စစ်ဘက်ဆိုင်ရာ အကူအညီတွေအပြင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ ရုရှားက ပါဝင်လာခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံနိုင်ငံတချို့က ရုရှားနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေရှိတာကြောင့် စစ်ကောင်စီရဲ့ ညှိနှိုင်းမှုတွေက သာမန်အဆင့်ထက် မပိုနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“လာအိုတို့ ကမ္ဘောဒီယားတို့လို့ တရုတ်နဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံတွေလောက်ပဲ ရုရှားနဲ့ ဆက်ဆံရေး ပိုအဆင်ပြေလာမှာပေါ့။ တချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရုရှားလုပ်ရပ်ကို မကြိုက်တာလည်း ရှိတယ်။ ဒါကြောင့် ဆက်ဆံရေးညှိနှိုင်းရေးမှု လုပ်မယ်ဆိုလည်း ပုံမှန်အဆင့်လောက်ပဲ လုပ်နိုင်မှာပါ”
အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ယူခဲ့ချိန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု စတာတွေအပါအဝင် ကဏ္ဍခြောက်ခုကို အာဆီယံ-တရုတ် ဗဟိုဌာနနဲ့ ဆောင်ရွက်ခဲ့တဲ့အကြောင်း စစ်ကောင်စီ သတင်းစာတွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လထဲမှာ ဖော်ပြခဲ့ပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အစည်းအဝေးတွေမှာ တက်ရောက်ဖို့ ကန့်သတ်ထားပါတယ်။