စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ဖို့ SIF တိုက်တွန်း

RFA Burmese
2023.01.18
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ဖို့ SIF တိုက်တွန်း နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ငြင်းပယ်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေကို မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အဲဒီရွေးကောက်ပွဲဟာ စစ်အုပ်စုကျုးလွန်နေတဲ့ ရာဇဝတ်မှုပြုလုပ်ခွင့်အတွက် အာဏာ အပ်နှင်းတာဖြစ်သလို၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတို့ နိုင်ငံအတွင်းပေါ်လာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကာအကွယ်ယူပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတဲ့ စစ်အာဏာရှင်စနစ် ပိုခိုင်မြဲမှာဖြစ်သလို ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်တွေအပေါ် ဥပေက္ခာပြုရာ ရောက်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအစိုးရတွေနဲ့ အဖွဲ့အစည်းအသီးသီးကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေး လမ်းကြောင်းမှာ ပြည်သူတွေနဲ့အတူ ညီညွတ်စွာရပ်တည်ပြီး ရွေးကောက်ပွဲကိုကန့်ကွက်ဖို့ ပန်ကြားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF) စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေလို ကျန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လိုတယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်ရောက်နိုင်ဖို့ တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစု၊ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုနဲ့ အရယူနိုင်ဖို့ ယုံကြည်တယ်လို့ SIF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) ထဲမှာ GSC၊ KNU၊ KNPP၊ WLB၊ DPNS နဲ့ အမည်မဖော်လိုတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။