စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း

RFA Burmese
2024.07.10
စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။
Ministry of Foreign Affairs Myanmar Photo

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူယူထားတဲ့ အာဏာကို လွှဲပြောင်းပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမဲ့ ကြားဖြတ်အစိုးရတစ်ခုဖွဲ့စည်းဖို့အတွက် စည်းရုံးပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဇူလိုင် ၁၀ ဒီနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီ သတင်းမီဒီယာတွေကတော့ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝမ်ယိတို့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အမြင်သဘောထား ဖလှယ်ခဲ့ကြကြောင်းသာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ ပေကျင်းကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးသန့်တွေ့ဆုံခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေဟောင်းဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒီခရီးစဉ်မတိုင်ခင် ဇွန်လ ၂၆ ရက်နေ့ကတော့ တရုတ်သံအမတ် Mr. Chen Hai က နေပြည်တော်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေကို ပြောဆိုခဲ့ကြတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။