မဲစာရင်းအမှန်ရဖို့ သန်းခေါင်စာရင်းရလဒ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြော
2024.09.01
မကြာခင် ကောက်ယူတော့မဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို မဲစာရင်းမှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရေးမှာ ပူးပေါင်းပါဝင်ကြဖို့ စက်တင်ဘာလ ၁ ရက်နေ့ ပြည်သူလူထုကို တိုက်တွန်းတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် သန်းခေါင်းစာရင်းက အချက်အလက်တွေကို အသုံးပြုမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။
“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ မဲစာရင်း တိကျမှန်ကန်စေရေး လုပ်ဆောင်ရာမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်”
လာမဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်းစာရင်းကောက်ယူမှုမှာ စာရင်းကောက်ယူရေးအဖွဲ့တွေက အိမ်တိုင်ယာရောက် မေးခွန်းတွေ လာမေးတဲ့အခါမှာလည်း အချက်အလက်တွေကို အမှန်အတိုင်း ယုံယုံကြည်ကြည်ဖြေပေးကြဖို့ သူက တိုက်တွန်းပါတယ်။
ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေနဲ့ ရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာဖြစ်လို့ သူတို့လုပ်မဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်ရေးကို စစ်ခေါင်းဆောင်က အလေးပေး လုပ်ဆောင်တာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေမှာ တိကျမှန်ကန်တဲ့ ကိန်းဂဏန်းတွေ အမှန်တကယ်ရရှိဖို့ လိုအပ်တာကြောင့် သန်းခေါင်စာရင်း ကောက်ယူတာလို့ ဆိုပါတယ်။
လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ထုတ်ပြောထားပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။