စစ်ကောင်စီကို ICC ထံလွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီကို လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
2023.03.14
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံဖို့ လူ့အခွင့်အရေးလှုပ်ရှားသူ မြန်မာ အမျိုးသမီးခေါင်းဆောင် နှစ်ဦးက တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) ရဲ့ ညှိနှိုင်းရေးမှူး မမေစပယ်ဖြူနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဦးဆောင်သူ နော်ဆဲဆဲတို့က လုံခြုံရေးကောင်စီ မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ တံခါးပိတ် အစည်းအဝေးမတိုင်ခင်မှာ တောင်းဆိုလိုက် တာပါ။
အမျိုးသမီးမဟာမိတ်အဖွဲ့ညှိနှိုင်းရေးမှူး မမေစပယ်ဖြူက မြန်မာစစ်တပ်ဟာ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကိုလွှဲပြောင်းပေးဖို့ တောင်းဆိုလိုက်တာပါ။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဦးဆောင်သူ နော်ဆဲဆဲကလည်း မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားထောက်ခံသူတွေဟာ နိုင်ငံတကာရဲ့မေ့လျော့ခြင်းကို ခံနေရတယ်လို့ ခံစားရကြောင်းပြောပါတယ်။
တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်မှာတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က လုံခြုံရေးကောင်စီဟာ အာဆီယံနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ထောက်ခံကြောင်းနဲ့ အခုအချိန်မှာ ဒီဘုံသဘောတူညီချက်တွေဟာ တိုးတက်ဖို့ အချိန်ရောက်နေပြီလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) နဲ့ လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) တို့က မြန်မာ့အရေးနဲ့ပတ်သက်လို့ အစီရင်ခံတင်ပြခဲ့ပါတယ်။