အဖမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ နှစ်ထောင်နီးပါးရှိလာ
2024.10.30
စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သား နှစ်ထောင်နီးပါး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်လိုက်ပါတယ်။
AAPP စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ (၃၂၄) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၆၃၂) ဦး၊ ၂၀၂၃ ခုနှစ်မှာ (၆၁၂) ဦးနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလ ၃၀ ရက်နေ့အထိ (၃၇၅) ဦး၊ စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁,၉၄၃ ဦး) ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက တစ်ထောင်နီးပါး (၉၉၈ ဦး) နဲ့ သေဆုံးမှု အများဆုံး ဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ကပဲ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသား လေးဦးကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ခြောက်ထောင်ခန့် (၅,၉၀၁ ဦး) ရှိလာပြီဖြစ်ပြီး၊ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော်(၂၁,၀၆၄ ဦး) ရှိပါတယ်။