ကျပ်ငွေ ထရီလီယံနဲ့ချီ ရိုက်ထုတ်တာကြောင့် ငွေကြေးအဆမတန် ဖောင်းပွနေကြောင်း NUG ပြော

RFA Burmese
2025.01.21
ကျပ်ငွေ ထရီလီယံနဲ့ချီ ရိုက်ထုတ်တာကြောင့် ငွေကြေးအဆမတန် ဖောင်းပွနေကြောင်း NUG ပြော မြန်မာငွေစက္ကူ ရေတွက်နေသူတစ်ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာဏာသိမ်း လေးနှစ်အတွင်း စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ ရိုက်ထုတ်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး စံချိန်တင်ဖောင်းပွနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဉ်မှာ ထည့်သွင်းပြောဆိုပါတယ်။

စစ်ကောင်စီက ရိုက်ထုတ်ခဲ့တဲ့ ငွေစက္ကူပမာဏကို NUG က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ တွက်ချက်ထားတာဖြစ်တယ်လို့ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ သတင်းအရင်းအမြစ်တွေပေါ့နော်။ ကျွန်တော်တို့ သုတေသနပြုတာတွေရှိတယ်။ ကျွန်တော်တို့ဘက် တာဝန်ရှိသူတွေက စောင့်ကြည့်လေ့လာ သုံးသပ်နေတာရှိတယ်။ ကျွန်တော်တို့ ကဏ္ဍပေါင်းစုံကရရှိတဲ့ အချက်အလက်တွေကနေ ပြောတာဖြစ်ပါတယ်"

နောက်ဆက်တွဲအနေနဲ့ စီးပွားရေးချွတ်ခြုံကျဆင်ပြီး ပြည်သူလူထုဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

NUG ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်အတွင်း သဘာဝဘေး၊ စစ်ပွဲနဲ့ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် ကုန်ပစ္စည်းရှားပါးမှု၊ လောင်စာဆီပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက RFA ကို ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲတွေကြောင့် အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးဟာ ဆက်လက်ကျဆင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ချက်အရ အခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားနေပြီး ၂၆ ရာခိုင်နှုန်းဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။