နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်
2024.09.08
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ အမှတ်-၃၅၄ အမြောက်တပ်ရင်း နေရာတွေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသကနေ နောင်ချိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းဖို့အတွက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ TNLA က ပြောပါတယ်။
တိုက်ပွဲဖြစ်ရာ နေရာတွေကို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ အကြိမ် နှစ်ဆယ်ကျော် တိုက်ခိုက်ခဲ့ပြီး မနေ့က တစ်ရက်တည်းမှာတင် ဗုံး အလုံးတစ်ရာနီးပါး ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီ့အပြင် နောင်ချိုမြို့နယ် တောင်ခမ်းရွာမှာရှိတဲ့ အမှတ်-၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေတစ်ဆင့် လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ တကောင်း၊ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့တွေကို သိမ်းပိုက်ထားပါတယ်။