PDF စခန်းနှစ်ခုကို စစ်ကောင်စီတပ် ၀င်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ညောင်ပင်စခန်း(ခွဲ) နဲ့ မကွေးတိုင်း ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ PDF အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၆ နာရီ မှာ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ ကာလတန်ဖိုး ကျပ် သိန်း ၅၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ရေစကြို ပ.က.ဖ အဖွဲ့က စက်တင်ဘာလ ၁၇ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
လူအထိအခိုက်မရှိပေမယ့် စခန်းမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ရေစကြို ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့က ကိုဝေကြီးက ပြောပါတယ်။
"စခန်းကို ဒလန်နှစ်ဦးက လမ်းပြအနေနဲ့ စစ်ကြောင်းကို ဦးဆောင်လာတာ၊ မနက် ၆ နာရီမှာ ကင်းသမားကတွေ့တော့ အချက်ပေးတော့ အချိန်မီရှောင်လိုက်နိုင်တော့ လူ အထိအခိုက် မရှိဘူး၊ သို့သော် သယ်လို့မရတဲ့ပစ္စည်း မီးစက်၊ ဆိုလာ၊ ကား၊ ဆိုင်ကယ်နဲ့ အဆောက်အဦးတွေကို အကုန်မီးရှို့သွားတယ်"
အလားတူ မုံရွာအခြေစိုက် Black Dragon အဖွဲ့ရဲ့ ညောင်ပင်စခန်း(ခွဲ) ကို စက်တင်ဘာလ ၁၇ ရက်မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ Black Dragon အဖွဲ့က စက်တင်ဘာ ၁၈ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
PDF တပ်ဖွဲ့ဝင်တွေ ထိုခိုက်ဒဏ်ရာရမှုမရှိပေမယ့် ဆိုင်ကယ်၊ ယမ်းအမျိုးမျိုး၊ လက်လုပ် သေနတ်၊ ရှော့တိုက်ဒုံး၊ ၄၀ မမ ဗုံးသီး၊ ဗုံးသီးပစ်သေနတ်တွေကို ယူဆောင်သွားသလို၊ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း၂၀၀ ခန့်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။