စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျက်ကျ

2022.02.16
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျက်ကျ စစ်ကိုင်းတိုင်း အုန်းတောရွာအနီး ရေမျက်ကြီးအင်းမှာ ၂၀၂၂ ဖေဖော်ဝါရီ ၁၆ ရက်က ပျက်ကျခဲ့တဲ့ စစ်လေယာဥ် အပိုင်းအစတွေကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနန်ရွာအနောက်ဘက် အုန်းတောရွာအနီးက ရေမျက်ကြီးအင်းထဲမှာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် တစ်စီး ပျက်ကျခဲ့ပြီး အလောင်းတစ်ခု တွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၁၁ နာရီ မထိုးခင်လောက်က ပျက်ကျသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ယောက် က RFA ကို ပြောပါတယ်။

"လူမူကူညီရေးအသင်းတွေနဲ့ မီးသတ်တွေ သွားနေကြတယ်။ လတ်တလောတော့ အလောင်းတစ်ခု ရထားတယ်။ ရေလယ်မှာ ပျက်ကျတာလို့ ကြားတယ်"

စစ်ကောင်စီဘက်ကတော့ မန္တလေး တံတားဦး လေတပ်စခန်းက တိုက်ခိုက်ရေးလေယာဉ် တစ်စီး လေ့ကျင့်ပျံသန်းရင်းနဲ့ စက်ချို့ယွင်းကာ စစ်ကိုင်းတိုင်း အုန်းတောရွာ အရှေ့ဘက်မှာ ရှိတဲ့ ရေမျက်ကြီးအင်းထဲ ပျက်ကျခဲ့ပြီး လေသူရဲကို ရှာဖွေကယ်ဆယ်ရေး လုပ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ဟာ Nanchang A-5C Fantan အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံ ထုတ် ဖြစ်ကြောင်း ဒေသတွင်း မီဒီယာတချို့မှာ ဖော်ပြထားပေမယ့် သီးခြား အတည် မပြုနိုင် သေးပါဘူး။

လတ်တလောမှာတော့ ရဟတ်ယာဉ် သုံးစီးနဲ့ ရှာဖွေရေးတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။