NLD အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးသုံးဦး အဂတိနဲ့ အမှုဖွင့်ခံရ

2021.12.09
Share on WhatsApp
Share on WhatsApp
NLD အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးသုံးဦး အဂတိနဲ့ အမှုဖွင့်ခံရ NLD အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်နဲ့ ဦးခင်မောင်ဝင်း တို့ကို တွေ့ရစဥ်
Photo: MOEE
NLD အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အပါအဝင် ဒုဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာထွန်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့ သုံးဦးကို စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
 
အထက်ရဲရွာ ရေအားလျှပ်စစ်မီမံကိန်းမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မလုပ်ခဲ့တာ ကြောင့် နိုင်ငံ့ဘဏ္ဍာ ကျပ် ၃၀ ဘီလီယံ ထိခိုက်နစ်နာတာ၊ ထားဝယ်ဒေသ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ငွေကျပ် ၆ ဘီလီယံကျော် နစ်နာတာ စတာတွေကြောင့် အရေးယူတာလို့ဆိုပါတယ်။
 
အဲဒီစွပ်စွဲချက်တွေနဲ့ပဲ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုဝန်ကြီး ဦးထွန်းနိုင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅၊ နောက်ထပ် ဒုဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းကို အဂတိပုဒ်မ- ၅၅/၆၃ တို့နဲ့ နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ နိုဝင်ဘာလ ၈ ရက်နေ့ မနေ့က အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ကိုးဦး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး ရှစ်ဦးအပါအဝင် NLD အစိုးရနဲ့ ပတ်သက်သူ စုစုပေါင်း ၅၅ ဦးကို အဂတိအမှုတွေနဲ့ အရေးယူခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။