စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားအရေးယူပေးဖို့ ကုလသမဂ္ဂကို RSF တောင်းဆို

RFA Burmese
2022.12.28
Share on WhatsApp
Share on WhatsApp
စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားအရေးယူပေးဖို့ ကုလသမဂ္ဂကို RSF တောင်းဆို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာကျင်းပသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်။
HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP

သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီရဲ့ စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ (RSF) က ကုလသမဂ္ဂကို ဒီဇင်ဘာလ ၂၇ ရက်၊ မနေ့က သတင်းထုတ်ပြန်တောင်းဆိုပါတယ်။

စစ်ကောင်စီက သတင်းထောက်တွေကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေတာတွေက စိတ်ပျက်စရာဖြစ်တယ်လို့ RSF ရဲ့ အာရှပစိဖိတ်ရေးရာဌာန အကြီးအကဲ ဒန်နီရယ်လ် ဘက်စတပ်ဒ် (Daniel Bastard) က ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီဗိုလ်ချုပ်တွေကို ပစ်မှတ်ထားပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှု တွေကို တင်းတင်းကျပ်ကျပ်ပြုလုပ်ဖို့ ဒန်နီရယ်လ် ဘက်စတပ်ဒ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ် (Tom Andrews) ကို ထုတ်ပြန်ချက်ထုတ် တောင်းဆိုခဲ့တာပါ။

အခုသီတင်းတစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီက ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ် လည်းဖြစ် ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ ဦးဟံသာညိန်း အပါအဝင် သတင်းသမား သုံးဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး အပိတ်ခံထားရတဲ့ သတင်းအေဂျင်စီရဲ့ အယ်ဒီတာ တစ်ဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့ RSF က ပြောပါတယ်။

ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံး ကနေ ထောင်ငါးနှစ် ထပ်မံချမှတ်လိုက်ပြီး အရင် ချမှတ်ခံထားရတဲ့ ထောင်ဒဏ် နှစ်နှစ်အပါအဝင် သူဟာ စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ် ကျခံရမှာပါ။

ရန်ကုန်မြို့က Myanmar Press Photo Agency သတင်းထောက်တွေဖြစ်တဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ထားပါတယ်။

ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျကိုတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီမှာ ကြို့ပင်ကောက်မြို့က နေအိမ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲပါတယ်။

RFA က ရရှိထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၄၀ ဝန်းကျင်ဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။