စစ်ကောင်စီကို လေယာဉ်ဆီပိတ်ဆို့ရေး သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တောင်းဆို
2025.01.10
စစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာတွေ တင်ပို့ရောင်းချနေတာ ချက်ချင်းရပ်တန့်ဖို့အတွက် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC) က နိုင်ငံတကာကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံတကာရဲ့ လေယာဉ်ဆီ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေဟာ မြန်မာပြည်တွင်း ကုမ္ပဏီတွေကိုသာ ပိတ်ဆို့တာဖြစ်ပြီး အဲဒီပြည်တွင်းကုမ္ပဏီတွေကို တင်ပို့နေတဲ့ အဓိကကျတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို အရေးမယူသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုအားနည်းပြီး စစ်အုပ်စုက လေယာဉ်ဆီ၊ လေယာဉ်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ၊ နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကို ဆက်လက် ရရှိနေတယ်လို့ BMC ကပြောပါတယ်။
နိုင်ငံတကာအနေနဲ့ စာထုတ်ပြန်တိုက်တွန်းနေမဲ့အစား ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့လိုတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မူလန်က ပြောပါတယ်။
“နိုင်ငံတကာ အစိုးရတွေအနေနဲ့ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုကို လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဖို့ စာထုတ်ပြောနေမဲ့အစား စစ်အုပ်စုကို လေယာဉ်ဆီ၊ လေယာဉ်ဆက်စပ်ပစ္စည်းတွေနဲ့ နည်းပညာတွေ ရောင်းချထောက်ပံ့ပေးနေတာ အားလုံးရပ်တန့်လိုက်မှ လေကြောင်းတိုက်ခိုက်မှုတွေ အမှန်တကယ်ရပ်တန့်သွားမှာမို့ ချက်ခြင်းအရေးယူဖို့ အရေးတကြီးလိုအပ်နေပါတယ်”
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံထံ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာတွေလုပ်နေတဲ့ တရုတ် အလံတင်သင်္ဘော HUITONG78၊ ဗီယက်နမ်ကုမ္ပဏီ Hai Linh ၊ တရုတ်နိုင်ငံပိုင်လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်ကာပူ)၊ စင်ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာကုမ္ပဏီတွေနဲ့ လေယာဉ်ဆီ သယ်ယူနိုင်ဖို့ အာမခံ ဝန်ဆောင်မှုပေးနေတဲ့ ယူကေ (UK) ရေကြောင်းအာမခံကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဥရောပ ကုမ္ပဏီ Airbus အနေနဲ့လည်း စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနဲ့ ပတ်သက်နေတာတွေကို ရပ်တန့်ဖို့ဆိုပြီး BMC က တောင်းဆိုပါတယ်။ လေယာဉ်ဆီ ပိတ်ဆို့ဖြတ်တောက်ရေး တောင်းဆိုရတာက စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။
မှတ်ချက်။ ။ ဤသတင်းတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (BMC) ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။