စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ပြည်ပနိုင်ငံတချို့ကူညီနေကြောင်း စစ်ခေါင်းဆောင်စွပ်စွဲ

RFA Burmese
2024.08.05
စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ပြည်ပနိုင်ငံတချို့ကူညီနေကြောင်း စစ်ခေါင်းဆောင်စွပ်စွဲ ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တစ်ဆင့် မိန့်ခွန်းပြောနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူး‌ကြီး မင်းအောင်လှိုင်။
Photo: MRTV

[Update: 11:01 PM, Aug 05, 2024]

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခသက်ဆိုးရှည်ရေးလိုလားတဲ့ ပြည်ပနိုင်ငံတချို့ဟာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဘယ်နိုင်ငံတွေက ကူညီထောက်ပံ့နေတယ်ဆိုတာကိုတော့ တိတိကျကျပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေ ငွေကြေး၊ လက်နက်နဲ့ နည်းပညာအကူအညီတွေ ပြည်ပနိုင်ငံတချို့က ရအောင်ဆောင်ရွက်ပေးနေတာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။

"လက်နက်ကိုင် ပဋိပက္ခသက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုးရရှိစေလိုတဲ့ ပြည်ပနိုင်ငံတချို့ဟာ လက်နက်ကိုင် သောင်းကျန်းသူတွေ၊ နိုင်ငံရေးသဘောထားကွဲလွဲသူတွေက အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ လက်နက်ခဲယမ်းမီးကျောက်ရရှိအောင်၊ နည်းပညာတွေရရှိအောင်၊ အုပ်ချုပ်မှုအခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်အောင် ကူညီပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်"

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦး‌နေဘုန်းလတ်ကတော့ စစ်ကောင်စီက စစ်ရှုံးနေတာကြောင့် မဟုတ်မမှန်တာတွေ စွပ်စွဲပြောဆိုတာလို့ ပြောပါတယ်။

"တစ်နိုင်ငံလုံးမှာ စစ်အရှုံးကြီးရှုံးနေတာမို့ ဂျင်းအဟောင်းကြီးကို လာပြန်ကျွေးတဲ့သဘောပေါ့၊ တခြားနိုင်ငံတွေက‌ ကူညီနေတယ်၊ တခြားနိုင်ငံတွေက နယ်ချဲ့တော့မယ်၊ အဲ့ဒါကို တပ်မတော်နဲ့ ပေါင်းပြီး ကာကွယ်ကြပါဆိုတာမျိုးတွေပေါ့နော်၊ နောက်ဆုံးမှာဆိုရင်လည်း ကူမင်တန်စစ်က ပုံတွေ ပြန်ပြပြီးတော့ တော်တော်ကို ခေတ်နောက်ကျတဲ့ အတွေးအခေါ်နဲ့ သူတို့နဲ့အတူ ရပ်တည်ပါဆိုပြီး ပြောသွားတယ်လို့ပဲ နားလည်ပါတယ်၊ နောက်ပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ ကြားထဲမှာ သွေးကွဲအောင် ပြောဆိုတာတွေလည်း အများအပြား တွေ့ရပါတယ်"

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) နယ်မြေတချို့မှာ လက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်ထားပြီး လက်နက်တွေ၊ ခဲယမ်းတွေ၊ ဖောက်ခွဲ‌ရေးပစ္စည်းတွေ ထုတ်လုပ်နေတယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။

အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်‌တွေကို PDF အဖွဲ့တွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာရောင်းချနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေးစက်တွေ၊ ဒရုန်းတွေနဲ့ လက်နက်ခဲယမ်းတွေဟာ ပြည်ပနိုင်ငံတွေကနေ ရရှိနေတာလို့လည်း ဆိုပါတယ်။

MNDAA၊ TNLA နဲ့ ဆက်စပ်အဖွဲ့တွေ အသုံးပြုနေတဲ့ Drop Bomb တွေနဲ့ ရှော့တိုက်ဒုံးတွေဟာ နည်းပညာအရ အဆင့်မြှင့်တင်ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

ဒရုန်းတွေကိုလည်း ပြည်ပကြေးစားနည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲမှာ ပိုမိုအသုံးဝင်အောင်ပြုပြင်ထားတာကို တွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။


ဆက်နွှယ်သောသတင်းများ

သမဝါယမ စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ စစ်ခေါင်းဆောင် စီစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အနာဂတ်အလားအလာ

ပြည်တွင်းစစ်အတွင်း စစ်ခေါင်းဆောင်ရဲ့ဆုတံဆိပ်များ


နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုသာပေးပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တာ မရှိကြောင်း ပြောပါတယ်။

"နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ဆင်းရဲနွမ်းပါးမှုကိစ္စလိုမျိုး ကူညီထောက်ပံ့ဖို့ ပြောထားတာတွေရှိတယ်၊ အဲဒီလိုကိစ္စမျိုးတွေမှာ ကူညီထောက်ပံ့တာရှိတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တာတော့ မရှိသေးဘူး"

ပြည်ပနိုင်ငံတချို့က ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာကြောင့် စစ်ကောင်စီက တိုက်ပွဲတွေမှာ ရှုံးနိမ့်နေပြီး စစ်ကောင်စီအနေနဲ့ တခြားအကူအညီအထောက်အပံ့တွေ လိုအပ်နေကြောင်းပြသလိုတာကြောင့် အကြောင်းပြချက်တစ်ခုကို ဖန်တီးတာဖြစ်နိုင်ကြောင်းလည်း ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင်တိုက်ခိုက်နေတာတွေကို လက်ခံလို့မရတာကြောင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦး‌နေဘုန်းလတ်နှင့် နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုး၏ သုံးသပ်ချက်များကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။