၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီဟာ အရပ်သားတွေအပေါ် ပိုတိုးတိုက်ခိုက်ခဲ့ကြောင်း AI ထုတ်ပြန်
2023.03.28
အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်အတွင်း အရပ်သားတွေကို တိုးပြီးတိုက်ခိုက် လာသလို သေဒဏ်စီရင် ကွပ်မျက်တာကိုလည်း ပြန်ကျင့်သုံးလာပြီး ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို နှိပ်စက်ညှဉ်းပန်းတာနဲ့ မတရား ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်ခဲ့ တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ဒီနေ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ပြီး ထောင်နဲ့ချီတဲ့ သူတွေကိုလည်း မတရားနိုင့်ထက်စီးနင်း ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက အတိုက်အခံ နိုင်ငံရေးသမား၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပါအဝင် လူပေါင်း ၁၀၀၀ ကျော်ဟာ မတရားတဲ့ ပြစ်ဒဏ်စီရင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲမှာ စွဲဆိုချက်ပေါင်းစုံနဲ့ ထောင်ဒဏ် ၃၁ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံထားရချိန်နဲ့ စစ်ကြောရေးကာလမှာ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသူက တစ်နှစ်အတွင်း ၃၅၆ ယောက်ရှိပြီး NLD အစိုးရရဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ နိုင်ငံရေးလှုပ်ရှားသူ ကိုဂျင်မီအပါအဝင် လေးယောက်ကို ၁၉၈၀ နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ သေဒဏ်ချမှတ်ပြီး ကွပ်မျက်စီရင်လိုက်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဖြန့်ဝေဖို့ကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အရပ်သားတွေကို သတ်ဖြတ်တာ၊ ရွာတွေကို စနစ်တကျမီးရှို့ဖျက်ဆီးတာ၊ စစ်ရှောင် စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူထုဖျော်ဖြေပွဲတွေကို ဗုံးကြဲတိုက်ခိုက် တာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁.၅ သန်း ရှိခဲ့တယ် လို့လည်း ဖော်ပြထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း နိုင်ငံတကာ တားမြစ်ပိတ်ပင်ထားပေမယ့် မြေမြှုပ်မိုင်းတွေကို အသုံးပြုခဲ့သလို စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။