စစ်ကောင်စီတပ်ကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ငါးရာခန့် သေဆုံး
2025.01.21

စစ်ကောင်စီတပ်ရဲ့ လေကြာင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးပြီး နောက်ထပ် ၄၁၂ ဦး ဒဏ်ရာရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးတဲ့ ဖြစ်စဥ်တွေထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၅၇ ဦးနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄၂ ဦး အများဆုံးဖြစ်ပြီး မြေမြှုပ်မိုင်း၊ အကျဉ်းထောင်တွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာအပြင် မတရား သတ်ဖြတ်ခံရတာတွေကြောင့်လည်း သေဆုံးနေတယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ သတင်းမီဒီဒီယာတွေမှာ ဖော်ပြချက်တွေအပေါ် လက်လှမ်းမီသလောက် ကောက်ယူထားတာဖြစ်ပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဟာ ၁၀၉ ဦးနဲ့ အများဆုံးသေဆုံးပြီး ရှမ်းပြည်နယ်မှာ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၃ ဦး အပြင် မန္တလေး၊ မကွေး၊ ပဲခူး၊ မွန်၊ တနင်္သာရီ၊ ချင်း၊ ကချင်၊ ကယား နဲ့ ကရင်ပြည်နယ်တွေမှာလည်း သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီ တပ်စစ်ကြောင်းတွေက အမျိုးသား၊ အမျိုးသမီးမခွဲခြားတော့ဘဲ နှိပ်စက်သတ်ဖြတ်တာတွေကို ပိုကျူးလွန်လာတယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်က အမျိုးသားပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့လက်ထဲမိရင် သေတာပဲ။ ရက်ရက်စက်စက်ကို သတ်လိုက်တာပဲ။ ကျွန်မတို့ဆို သေရင်တောင် သူတို့လက်ထဲ မသေချင်လို့ စစ်ကြောင်းဆိုတာနဲ့ ဘာမှကိုယူမနေတော့ဘူး၊ လွတ်ရာကို ပြေးတာ”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ စစ်ကြောင်း ထိုးသတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ဆယ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေအပြင် ဖမ်းဆီး၊ သတ်ဖြတ်မှုရပ်တန့်ဖို့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။
အမျိုးသမီးတွေ သေဆုံးခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းမထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။