မန္တလေးက နေအိမ် တစ်ထောင်ကျော်ကို စစ်ကောင်စီ ဖျက်သိမ်းခိုင်း

RFA Burmese
2023.07.22
မန္တလေးက နေအိမ် တစ်ထောင်ကျော်ကို စစ်ကောင်စီ ဖျက်သိမ်းခိုင်း မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းမှ ဖျက်ဆီးခံရသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် (၄) ရပ်ကွက်က နေအိမ် တစ်ထောင်ကျော်ကို ပုဂ္ဂလိကပိုင်ဆိုင်တဲ့ မြေပေါ်မှာကျူးကျော် နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမိန့်ထုတ်ပြန်ပြီး ဖယ်ရှားခိုင်းထားတယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ ချမ်းမြသာစည်မြို့နယ် ကျူးကျော်နေထိုင်သူများ ဖယ်ရှား ရှင်းလင်းရေးအဖွဲ့က နေအိမ်တွေကို ဖယ်ရှားရှင်းလင်းပြီး ပြောင်းရွှေ့ဖို့ ဇူလိုင်လ ၁၇ ရက်မှာ အကြောင်းကြားခဲ့တာပါ။

စစ်ကောင်စီက ကျူးကျော်လို့ပြောပေမယ့် သူတို့ဟာ တရားဝင်နေထိုင်ကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်မတို့ သိထားသလောက်ဆိုရင် အဲဒီမြေတွေက ဂရန်ပေါက်ထားတာလည်း ရှိတယ်။ ကျူးကျော်လည်း မဟုတ်ပါဘူး။ မန္တလေးမှာ ကျူးကျော်မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ မြို့သစ် အမှတ် (၄) ရပ်ကွက်က ကျူးကျော်မဟုတ်ဘူး။ ဒီရပ်ကွက်တည်ထားတာ နှစ်သုံးဆယ်အထက်မှာ ရှိနေပြီ"

ဒေသခံတွေဆီ ဖျက်သိမ်းဖို့ အကြောင်းကြားခဲ့တဲ့ စာမှာတော့ ဘယ်နေ့နောက်ဆုံးထား ဖျက်သိမ်းရမယ်ဆိုတာမပါဘဲ အမြန်ဆုံး ဖျက်သိမ်းပေးဖို့သာ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ရန်ကုန်နဲ့ မန္တလေးတို့လို စီးပွားရေး အချက်အချာကျတဲ့ မြို့ကြီးတွေမှာ ကျူးကျော်လို့စွပ်စွဲပြီး ဒေသခံတွေကို နေအိမ်တွေကနေ ဖယ်ရှားခိုင်းတဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ကျူးကျော်လို့ စွပ်စွဲဖယ်ရှားခံရတဲ့ အဆောက်အအုံ ၁၆,၀၀၀ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။