မိုးမောက်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ သိမ်းယူ

RFA Burmese
2023.09.16
မိုးမောက်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ သိမ်းယူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက မြစ်ကြီးနား-ဗန်းမော်လမ်းပေါ် ရှိ နမ်ဆန်ယန်ရွာတွင် တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ အောင်ဂျာရွာက စစ်ကောင်စီ တပ်စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်လက်နက်ပစ္စည်းတချို့ သိမ်းယူနိုင်ခဲ့ပေမယ့် အသေးစိတ်အခြေအနေကို မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"စခန်းသိမ်းလိုက်တာ မှန်တယ်။ အခုက စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာ ရှိနေတယ်။ ဒါကြောင့် ဘယ်လောက်ထိခိုက်သေဆုံးတယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး"

တပ်စခန်းသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီဘက် လေကြောင်းကနေ ငါးကြိမ်ထပ်မနည်း တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

အောင်ဂျာရွာ တပ်စခန်းဟာ KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ အနီးဆုံးရှိတဲ့ တပ်စခန်းတစ်ခု ဖြစ်သလို နမ်ဆန်ယန်ရွာက စစ်ကောင်စီတပ်တွေကို ရိက္ခာထောက်ပံ့တာမှာ အဓိကကျတဲ့တပ်စခန်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ရေးကိစ္စရပ်တွေကို သူ့အနေနဲ့ မသိဘူးလို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီနှစ် စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်တဲ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၁၃၅ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။