ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

သက်ဆိုင်ရာ နိုင်ငံမပါဘဲ ရိုဟင်ဂျာအရေးကို ဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန်လ ၁၃ ရက်ကနေ့ကနေ ဇူလိုင် ၈ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေး မှာ ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်မှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါတွေကို စစ်ကောင်စီက ကန့်ကွက်လိုက်တာပါ။
လူ့အခွင့်အရေးကောင်စီရဲ့ အပြုအမှုဟာ လူမျိုးဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ စိတ်ဝမ်းကွဲပြီး မယုံကြည်မှုဖြစ်စေဖို့ ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့လည်း စစ်ကောင်စီ က စွပ်စွဲထားပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ်တုန်းက နေရပ်စွန့်ခွာမှုကို ဖြစ်စေခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားစခန်းမှာ လှုပ်ရှားနေတဲ့ ARSA အဖွဲ့တွေက နေရပ် ပြန်နိုင်ရေး လိုလားသူတွေကို သတ်ဖြတ်နေတာတွေကိုတော့ ဖုံးကွယ်ထားတယ်လို့ ထည့်သွင်းစွပ်စွဲထားပါတယ်။
စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုသလို အပြင်းအထန် ကန့်ကွက်တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့တဲ့ စာရွက်စာတမ်း အမှတ် A/HRC/50/L.21 ပါ ဆုံးဖြတ်ချက်အဆို (မူကြမ်း) ထဲမှာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ဂုဏ်သိက္ခာကိုထိပါးတဲ့ အသုံးအနှုန်းများစွာ ပါဝင်နေတာကြောင့် အဲဒီမူကြမ်း တစ်ခုလုံးကို ကန့်ကွက်ပယ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေးအတွင်း ဇွန် ၃၀ ရက်နေ့က မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတင်သွင်း ဆွေးနွေးမှုကိုလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ စာထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။