တရုတ်အကူအညီနဲ့ ဆင်းရဲမှုလျော့ချရေး စစ်ကောင်စီ ကြိုးပမ်းနေ
2024.10.13
နိုင်ငံတစ်ဝန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်တဲ့ စီမံကိန်းတွေကို တရုတ်ရဲ့ ငွေကြေးထောက်ပံ့မှု အကူအညီနဲ့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းစာတွေက အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာဖော်ပြပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့က ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် အုန်းပင်စုရွာကို မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းအဖြစ် စံပြရွာစီမံကိန်း စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးကတော့ မြို့ပြနဲ့ ကျေးလက်ဒေသတွေအကြား ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အထူးအလေးထားလုပ်နေပြီး တရုတ်ရဲ့ အထောက်အပံ့နဲ့ ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စီမံကိန်းတွေလည်း ပါဝင်တယ်လို့ အဲဒီအခမ်းအနားမှာ ပြောပါတယ်။
ဒီစီမံကိန်းတွေဟာ တရုတ်ရဲ့ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အထူးရန်ပုံငွေ ပံ့ပိုးပေးမှုဖြစ်ပြီး စံပြကျေးရွာ စီမံကိန်းတွေအပြင် ဘက်စုံ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နဲ့ ရေပေးဝေရေး လုပ်ငန်းစီမံကိန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) အဖြစ် မေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်က လွှဲပြောင်းပေးထားပြီး စစ်ကောင်စီရဲ့ ဝန်ကြီးဌာနခြောက်ခုက လုပ်ငန်းစီမံကိန်း ၁၂ ခုကို အကောင်အထည် ဖော်နေပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဟာ မဲခေါင်ဒေသတွင်း ဆင်းရဲမှုလျော့ချရေးနဲ့ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိရေးအတွက် တရုတ်ဦးဆောင်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့နဲ့ ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
ဒီစီမံကိန်းမှာပါဝင်တဲ့ နိုင်ငံတွေကို တရုတ်က နှစ်စဥ် ရန်ပုံငွေတွေ ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၇ ကနေ ၂၀၂၃ ခုနှစ်အထိ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန်ဖိုးရှိ လုပ်ငန်းစီမံကိန်း ၁၀၆ ခုကို အကောင်အထည် ဖော်နေတယ်လို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။