မုံရွာကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေ စစ်ကောင်စီ ကန့်သတ်
စစ်ကိုင်းတိုင်း မုံရွာမြို့ကို အဝေးပြေးယာဉ်လိုင်းတွေကနေတဆင့် ပို့ဆောင်မယ့် စားသောက်ကုန်၊ အဝတ်အထည်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အပါအဝင် ပစ္စည်း တချို့ကို အခုရက်ပိုင်းကစလို့ သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ်ခံထားရတယ်လို့ မုံရွာမြို့ခံတွေက RFA ကိုပြောပါတယ်။
ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေနဲ့ ဖုန်း၊ လက်တော့ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို သယ်ဆောင်ခွင့် မပြုတော့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုကတော့ မုံရွာကိုဝင်လာတဲ့ ကားတွေမှန်သမျှကို အဝတ်အစားတွေပါတယ်။ ဆန်အိတ်တွေပါတယ်။ ဆီပုံးတွေပါတယ်ဆိုရင် ဒီကားလိုင်းတွေကို ပထမတော့ ဒဏ်ငွေဆောင်ခိုင်းတယ်။ အခုနောက်ပိုင်းတော့ ပစ္စည်းပါသိမ်းတယ်။ ပိုပြီးကျပ် လာတယ်။ အီလက်ထရောနစ်ပစ္စည်းတွေ သယ်ခွင့်မပေးတော့တာ ဖုန်းတွေ လက်တော့တွေရော ဆောင်းဘောက်တွေကအစ မရတော့ဘူး”
ဆောင်းဘောက်၊ ရေခဲသေတ္တာ စတဲ့ပစ္စည်းတွေကအစ ကန့်သတ်လာပြီး အဲဒီပစ္စည်းတွေ ထဲမှာ ဝှက်သယ်လာမယ့် လက်နက်ခဲယမ်းလိုမျိုးပစ္စည်းတွေ ရှိနိုင်တယ်ဆိုတဲ့ သံယယနဲ့ ကန့်သတ်တာလို့ သူကဆိုပါတယ်။
ဒါ့အပြင် ရေကြောင်းကနေသယ်လာတဲ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကိုလည်း ကန့်သတ်ခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေက စစ်ဘေး ဒုက္ခသည်တွေဆီကို မုံရွာမြို့ကတဆင့်ပို့မယ့် အခြားတိုင်းနဲ့ ပြည်နယ်တွေကနေလာတဲ့ စားနပ်ရိက္ခာတွေကိုလည်း သယ်ယူခွင့်မပေးဘဲ ကန့်သတ်တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်-မုံရွာ ပြေးဆွဲတဲ့ မန္တလာမင်းခရီးသည်တင် ယာဉ်တစ်စီးဟာ မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရပြီးနောက် ပြောက်ကျား ယူနီဖောင်းနဲ့ ကျည်ဆံတချို့ တွေ့ရှိခဲ့တာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အပါအဝင် အမျိုးသားလေးဦး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။