စစ်ကောင်စီတပ်စွဲထားလို့ အင်းတော်မှာ ဒုက္ခသည် ၇ဝဝဝ ကျော် နေရပ်မပြန်နိုင်သေး
2023.05.08

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အနောက်ဘက်မှာ တည်ရှိတဲ့ အင်ပင်ရွာနဲ့နန့်သာရွာကို ဆက်သွယ်ထားတဲ့ တံတားထိပ်မှာ စစ်ကောင်စီတပ်တွေ စခန်းချနေထိုင်နေတာကြောင့် ရွာငါးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၇ဝဝဝ ကျော် နီးပါးဟာ နှစ်လကြာတဲ့အထိ ရွာကို ပြန်မလာနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အင်ပင်ရွာတံထားထိပ်မှာ စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည့်သူ့ကာကွယ်ရေး တပ်တွေကြား အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တာကြောင့် အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ တုံးတော်နဲ့ မော်တိတ် စတဲ့ ရွာငါးရွာက ဒေသခံ ၇ဝဝဝ နီးပါးဟာ ဧပြီလအစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ နီးစပ်ရွာဆွေမျိုးသားချင်းအိမ်တွေမှာ ထွက်ပြေးခိုလှုံနေကြတာ ဖြစ်ပြီး အင်းတော်မြို့၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အရပ်ဘက်ပရဟိတအဖွဲ့တွေက စားနပ်ရိက္ခာထောက်ပံ့ကူညီပေးတာတွေ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်တော့ ရှိနေဆဲပဲလို့ Indaw Revolution – IR က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ရယ် အရပ်ဘက်ပရဟတိအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရှောင်အတွက်ဆိုပြီး ရိက္ခာလေးတွေ ကူညီနေတာရှိတယ်။ တချို့ကျတော့ အလှူရှင်တွေလည်း လှူပေးတာတွေ ရှိတယ်၊ စောင်ဆို စောင်ပေါ့နော်။ လိုအပ်ချက်ကတော့ ရှိပေမယ့် တတ်နိုင်သလောက် ကူညီပေးနေတယ်”

အောင်းကုန်းနဲ့ နန့်သာကျေးရွာမှာ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အခုရာသီဟာ ပဲရိတ်သိမ်းရမယ့် ကာလဖြစ်ပေမယ့် ဒေသခံတွေဟာ ရွာပြန်ပြီး သွားရောက် လုပ်ကိုင်ဖို့ကို ကြောက်ရွံ့နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒေသခံတွေကို မှတ်ပုံတင်နဲ့ ခံဝန်ကတိထိုးပြီး ရွာမှာ ပဲလာရောက်ရိတ်သိမ်းနိုင်တယ်လို့ အကြောင်းကြားလာပေမယ့် ဒေသခံတွေကတော့ မပြန်ရဲကြဘူးလို့ အောင်းကုန်းရွာက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စကစတော့ မှတ်ပုံတင်နဲ့ ခံဝန်ကတိထိုးပြီးရင် ရွာမှာ လာနေလို့ရတယ် ယာခင်းတွေ လာလုပ်လို့ ရတယ်လို့တော့ အကြောင်းကြားလာတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ မပြန်ရဲဘူး။ အဓိကတော့ တိုက်ပွဲဖြစ်လာမှာနဲ့ အဖမ်းခံရမှာကို ကြောက်ကြတာပေါ့”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFAက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၈ သန်းကျော် ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UN OCHA) က မေလ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။