ရှမ်းမြောက်တိုက်ပွဲ ပြင်းထန်ချိန် စစ်မှုထမ်းသင်တန်းသစ် ထပ်ခေါ်
2024.08.01
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၄) ကို စစ်ကောင်စီက ထပ်ခေါ်လိုက်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်တို့မှာ စစ်မှုထမ်းဥပဒေ အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်တွေကို သင်တန်းပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း စစ်ကောင်စီရဲ့ မီဒီယာတွေတွေမှာ ဇူလိုင်လ ၃၁ ရက်က ဖော်ပြပါတယ်။
စစ်မှုထမ်း အပတ်စဉ် (၄) အတွက် တပ်သားသစ် ခေါ်ယူမှုကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် နာမည်စာရင်း ကောက်ခံပြီး မြို့နယ်စစ်ကောင်စီရုံးတွေကနေ စစ်မှုထမ်းဖို့ ခေါ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် စစ်အင်အားလျော့နည်းလာတာကို ဖြည့်ဆည်းဖို့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက် အဓမ္မ လူသစ်စုဆောင်းမှုတွေလည်းရှိတယ်လို့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ညပိုင်းဆို လုံးဝကို အပြင်မထွက်ကြတော့တာ။ ဟိုရက်က စဥ့်ကူးတိုက်ပွဲ ပြင်းထန်နေချိန်ကဆို ညပိုင်းအသွားအလာကို ပြတ်တာပဲ။ ပါးစပ်ပြောမဟုတ်ဘူး၊ မျက်စိရှေ့တင် ဖမ်းတာ (ပေါ်တာဆွဲတာ) မြင်ခဲ့ရတာ၊ ငါတို့လမ်းထဲက အပတ်စဉ် (၁) မှာပါတဲ့ ကလေး မိုးကုတ်မှာ ကျသွားပြီ"
အခု သင်တန်းခေါ်ယူတဲ့ အပတ်စဉ် (၄) မှာ စစ်သင်တန်းတက်ရောက်သူ ဘယ်လောက်အထိရှိလဲဆိုတာတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ နေပြည်တော်က စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။