စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ ကိုယ်ရေးအချက်အလက် ထိန်းချုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

RFA Burmese
2024.09.04
စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ ကိုယ်ရေးအချက်အလက် ထိန်းချုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပစဉ်။
MOI

နိုင်ငံတစ်ဝန်း စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေရဖို့ ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို အကောင်အထည်ဖော်နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောတဲ့အကြောင်း စစ်ကောင်စီ သတင်းစာတွေက စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ပါတယ်။

အဲဒီစနစ်ကို ပြည်သူ့စစ်မှုထမ်းဆိုင်ရာအလုပ်အဖွဲ့တွေက အကောင်အထည်ဖော်နေပြီး ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စက်တင်ဘာလ ၃ ရက်နေ့ကလုပ်တဲ့ စစ်မှုထမ်းဗဟိုအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (NSIMS) ဟာ ရပ်ကွက်နဲ့ ကျေးရွာအလိုက် စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ စစ်မှုထမ်းဆောင်ဖို့ အခြေအနေနဲ့ စစ်မှုထမ်းဆောင်ခြင်းက ကင်းလွတ်ခွင့်၊ စစ်မှုထမ်းမဲ့သူစာရင်းတွေ ဖောင်းပွမှုမရှိအောင် လုပ်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းစစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"စာရင်းဇယားတွေ မဖောင်းပွအောင်၊ မကျန်ခဲ့အောင်၊ စာရင်းထပ်သွားတာမျိုးမရှိအောင် နောက်တစ်ခုက စစ်မှုထမ်းဆောင်ပြီးတဲ့ ဆန္ဒပြုထားတဲ့ပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာမှာ သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားမှာ စစ်မှုထမ်းတာ ပြီးမြောက်သွားပြီဆိုလို့ရှိရင်လည်း စစ်မှုထမ်းပြီးဆုံးကြောင်း အထောက်အထားလက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်"

ဒီအချက်အလက်တွေဟာ နိုင်ငံတစ်ဝန်းက စစ်မှုထမ်းကြုံးဝင်သူတွေအားလုံးအပေါ် သက်ရောက်မှာဖြစ်တာကြောင့် နိုင်ငံပြင်ပထွက်ခွာဖို့ တင်းကျပ်လိုက်တဲ့သဘောလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့မှာ နေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီစာရင်းအချက်အလက်ကို လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း တိုက်ဆိုင်စစ်ဆေးပြီး စစ်မှုထမ်းစာရင်းထဲပါနေရင် ပြည်ပထွက်ခွင့်ရမှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

နိုင်ငံတစ်ဝန်း မြို့ပေါင်း ခုနစ်ဆယ်ကျော်ကို လက်လွှတ်ထားရချိန် စစ်အင်အားဖြည့်တင်းဖို့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်အင်အားဖြည့်တင်းနေတာပါ။

စစ်မှုထမ်းဖို့ ရပ်ကွက်အလိုက် စာရင်းတွေကောက်ပြီး ဆန္ဒမပါသူတွေကိုလည်း စစ်မှုထမ်းစာရင်းထဲ ထည့်နေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ကိုအောင်ထက်က RFA ကို ပြောပါတယ်။

စစ်မှုထမ်းဆင့်ခေါ်တာကို လာရောက်ဖို့ ပျက်ကွက်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားတာကြောင့် အဲဒီ ဥပဒေထွက်ပြီးတဲ့နောက်ပိုင်း ပြည်ပကို ရတဲ့နည်းနဲ့ နိုင်ငံပြင်ပထွက်ကြတဲ့ လူငယ်တွေလည်း များလာပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁၀ ရက်က စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲတွေ ဆက်တိုက်ဖွဲ့စည်းခဲ့ပြီး အခု စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။