စစ်မှုထမ်းဥပဒေဟာ မြန်မာပြည်သူတွေအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း တွမ်အင်ဒရူး သတိပေး

RFA Burmese
2024.02.21
စစ်မှုထမ်းဥပဒေဟာ မြန်မာပြည်သူတွေအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း တွမ်အင်ဒရူး သတိပေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
Dita Alangkara/AP

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ဟာ အရပ်သားပြည်သူတွေအတွက် ပိုမိုခြိမ်းခြောက်မှုဖြစ်လာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ထိခိုက်ကျရှုံးမှုတွေများလာတဲ့ စစ်ကောင်စီဟာ ပိုပြီးအန္တရာယ်ကြီးလာတယ်လို့လည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ကထုတ်တဲ့ ကြေညာချက်မှာ တွမ်အင်ဒရူးက ထည့်သွင်းဖော်ပြထားပါတယ်။

"နိုင်ငံတစ်ဝန်းက စစ်ကောင်စီ ရှေ့တန်းစခန်းတွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံနေရတာကြောင့် တပ်စခန်းတွေ ဆုံးရှုံးမှုနဲ့ တပ်သားသစ်စုဆောင်းရေးဟာ စစ်ကောင်စီအတွက် စိန်ခေါ်မှုဖြစ်လာပါတယ်။ စစ်ကောင်စီက လူငယ် အမျိုးသမီးနဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ ခေါ်လိုက်တာဟာ အရပ်သားတွေအပေါ် အားကောင်းတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်မှုတွေ နှစ်ဆတိုးလာနိုင်ပါတယ်"

မြန်မာလူငယ်တွေဟာ စစ်ကောင်စီအုပ်ချုပ်မှုအောက်ကို ရောက်အောင် ဖိအားပေးခံနေရတဲ့ အခြေအနေတွေကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး ဒီဥပဒေကနေ လွတ်မြောက်ဖို့ နယ်စပ်ကို ထွက်ပြေးတဲ့အရေအတွက် သိသိသာသာမြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ဖယ်ကျဉ်ပြီး မြန်မာပြည်သူ‌တွေကို အရင်ကထက် အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း တွမ်အင်ဒရူးက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးမယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ကြေညာခဲ့တာပါ။

အဲဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။

အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်တဲ့ အမျိုးသားတွေဆိုရင် အသက် ၄၅ နှစ် အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသမီးဆိုရင်တော့ အသက် ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။

ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော်ကူညီပံ့ပိုးဖို့လည်း မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းထားပါတယ်။

လုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်တာတွေ မလုပ်နိုင်ခင်မှာ မြန်မာနိုင်ငံသားတွေကို တိုက်ခိုက်ရာမှာ သုံးနေတဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေနဲ့ လက်နက်သုံးစွဲမှုတွေ လျော့ချနိုင်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်ကြဖို့လည်း တွမ်အင်ဒရူးက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။