မုံရွာမှာ စစ်ကြောင်းဝင်လာစဥ် ဒေသခံနှစ်ဦး ပစ်သတ်ခံရ

RFA Burmese
2024.07.27
မုံရွာမှာ စစ်ကြောင်းဝင်လာစဥ် ဒေသခံနှစ်ဦး ပစ်သတ်ခံရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
မုံရွာ - အမြင့်လမ်းဘေးကျေးရွာများသပိတ် ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အရှေ့ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၂၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားတစ်ရာခန့်ပါတဲ့စစ်ကြောင်းက အဲဒီနေ့ မနက်အစောပိုင်းမှာ မုံရွာ-အရာတော် ကားလမ်းဘေး စည်သာလေးရွာအနီးမှာရှိတဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) တပ်စခန်းတစ်ခုကို အရင်ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြစဥ် စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် စည်သာလေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ထနောင်းဝန်းရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မနက် တစ်နာရီလောက်မှာ ကားသုံးစီးနဲ့ စည်သာလေးရွာနားက ပလဖ စခန်းကို ဝင်စီးတယ်။ မိုးလင်းပိုင်း ပြန်ဆင်းတော့ သူတို့ ခြေလျင်ပြန်ဆင်းလာတယ်။ အဲဒီမှာ စစ်ကြောင်းဝင်လာတယ်။ အသံကြားတော့ ဒေသခံတွေ ထွက်ပြေးတာမှာ စစ်ကြောင်းက သေနတ်နဲ့လှမ်းပစ်တော့ နှစ်ယောက်သေတာ”

စစ်ကြောင်းရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူတွေအပြင် ထနောင်းဝန်းရွာက နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရထားတယ်လို့ သူက ပြောပါတယ်။

မုံရွာမြို့နယ်အတွင်းက ရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းမထိုးတာ သုံးလခန့်ရှိနေပြီး အခုအကြိမ် ပြန်ပြီးစစ်ကြောင်းထိုးဝင်ရောက်တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၄၅၃ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။