စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံထဲဝင်လာတယ်ဆိုတာ မမှန်ကြောင်း ထိုင်းငြင်းဆို

RFA Burmese
2023.09.14
စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံထဲဝင်လာတယ်ဆိုတာ မမှန်ကြောင်း ထိုင်းငြင်းဆို ထိုင်းအထူးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးအား ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်တွင် ၂ဝ၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။
AFP

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက ကျေးရွာနှစ်ရွာမှာ မြန်မာစစ်သားတွေ ရောက်နေတယ်ဆိုတဲ့ကိစ္စအတွက် ရှင်းလင်းချက်ပေးဖို့ ထိုင်းအတိုက်အခံ Fair Party ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မမှန်ကန်ကြောင်း ထိုင်းစစ်တပ်ပြောခွင့်ရ အမျိုးသမီးဗိုလ်ချုပ် ဆီရီချန် နာသုန် က RFA က ဆက်သွယ်မေးမြန်းရာမှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

နယ်စပ်ဒေသလုံခြုံရေး တာဝန်ယူထားတဲ့ Naresuan Task Force က အရပ်သားအစိုးရရဲ့ ဌာနတွေကို အမြဲမပြတ် သတင်းပို့နေပြီး အဲဒီလို ဝင်ရောက်တာ မတွေ့ရပါဘူးလို့ တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ အမျိုးသမီးဗိုလ်ချုပ် ဆီရီချန် နာသုန် က ပြောခဲ့တာပါ။ Naresuan Task Force အနေနဲ့ ထိုင်းနိုင်ငံရဲ့နယ်မြေပိုင်နက်ထဲကို ကျူးကျော်ခံရတာမရှိအောင် တာ့ခ်နဲ့ မယ်ဟောင်ဆောင်ခရိုင်တွေထဲက နယ်စပ်ဒေသလုံခြုံရေးစင်တာတွေနဲ့ ပူးပေါင်းပြီး ဖြတ်သန်းသွားလာမှုတွေကို စောင့်ကြည့်နေပါတယ်လို့လည်း ဆိုပါတယ်။

အမှန်က ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်က ပြည်သူတွေဟာ ရှိနေတဲ့လမ်းကြောင်းတွေအတိုင်း သွားလာနေကြတာလို့ သူက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အန္တရာယ်ကင်းဇုန်အချို့မှာ ယာယီခိုလှုံခွင့်ပေးထားပြီး၊ သူတို့ဒေသမှာ ဘေးအန္တရာယ်ကင်းတဲ့အချိန်ရောက်ရင် ဆန္ဒအလျောက် ပြန်ဖို့ ခွင့်ပြုထားတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကျေးရွာနှစ်ရွာမှာ မြန်မာစစ်သားတွေ ရောက်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ Fair Party လွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆုဘ်ဆန်း (Kannavee Suebsang) က ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြောင်း စက်တင်ဘာ ၁၃ ရက်က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နာဝီ ဆုဘ်ဆန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာစစ်တပ်ဟာ KNLA တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ သူတို့အခြေစိုက်စခန်းတွေကို အပြောင်းအလဲလုပ်ချင်လို့ နယ်စပ်ဖြတ်ပြီး ဖြတ်လမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်လာတာပါလို့ ပြောပါတယ်။ သူတို့ပြန်ထွက်နိုင်အောင်လို့ ထိုင်းစစ်သားတွေက ကြားထဲကနေ စေ့စပ်ညှိနှိုင်းပေးနေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တာဝန်ရှိသူတစ်ဦးကတော့ အဲဒီစစ်သားတွေဟာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၅၆၁၊ ၃၃၉၊ ၅၅၇ ကဖြစ်ပြီး စက်တင်ဘာ ၂ ရက်နေ့ကတည်းက ထိုင်းနယ်မြေထဲ ရောက်နေတာ ဖြစ်တဲ့အကြောင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ထီးကလယ်ပယ် စခန်းကို ဩဂုတ်လ ၃၁ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ကို ထွက်ပြေးသွားတာလို့ RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။