ပြည်မြို့နယ် သဲဖြူရွာမှာ လူငယ် လေးဆယ်ကို စစ်သင်တန်းပေးနေ
2024.04.02
ပဲခူးတိုင်း ပြည်မြို့နယ် သဲဖြူရွာမှာ ဒေသခံလူငယ် အယောက် လေးဆယ်ကို မတ်လ ၃၁ ရက်နေ့ကစလို့ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်သားတွေက စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေတစ်ရာခန့်စီရှိကြတဲ့ ဧရာ၀တီမြစ်ကမ်းဘေးက သဲဖြူ၊ ကုန်းသလင်း၊ မြရွာက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်အများစုကို ကျေးရွာအာဏာပိုင်တွေက စုဆောင်းပေးပြီး သဲဖြူရွာ စာသင်ကျောင်းမှာ စစ်သင်တန်းပေးနေတာလို့ ဆိုပါတယ်။
အဲဒီရွာတွေအနီးမှာရှိတဲ့ အမှတ် (၇) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၇) က စစ်ကောင်စီတပ်သားတွေက ဦးဆောင်သင်တန်းပေးနေတာဖြစ်ပြီး သတင်းတန်းပြီးသွားရင် ကင်းစောင့်ဖို့နဲ့ နယ်ဝေးကို စေလွှတ်မယ်လို့ ပြောဆိုမှုတွေကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုစုဆောင်းခံရတဲ့အထဲမှာ တချို့ကလည်း မလိုက်ချင်ဘူး။ မလိုက်မနေရ မဲပေါက်တဲ့လူတွေ၊ တချို့ ကိုယ့်ဆန္ဒအရ ဝင်တဲ့လူလည်းပါတယ်။ အခုက သင်တန်းပြီးရင် ဂိတ်တွေမှာ စောင့်ခိုင်းချင်လည်း စောင့်ခိုင်းမယ်။ ဒါမှမဟုတ် အပြင်ထွက်ရရင်လည်း ထွက်ရမယ်ပေါ့နော်။ အပြင်ဆိုတာ ရှေ့တန်းလိုနေရာမျိုးဆိုတော့ စိုးရိမ်နေကြတာ”
အခုလူ ၄၀ ဦးမှာ အသက် ၃၅ နှစ်အောက် လူငယ်အများစုပါဝင်ပြီး ၃၅ နှစ်ကျော်တဲ့ လူငါးဦးခန့်လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
ပြည်မြို့နယ်ထဲမှာ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူမှုတွေရှိနေပေမယ့် အခုလို စစ်သင်တန်းပေးတာကိုတော့ တခြားရွာတွေမှာ လုပ်ဆောင်တာမရှိဘဲ သဲဖြူရွာမှာ ပထမဆုံး အကြိမ်လုပ်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ မတ်လ ၂၉ ရက်နေ့ကစလို့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ ခေါ်ယူခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ လူငယ်တွေကို အာဏာပိုင်တွေက စစ်မှုထမ်းခိုင်းရေးကိစ္စတွေ လုပ်ဆောင်လာတဲ့ပေါ် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ဆန္ဒပြလှုပ်ရှားမှုတွေအပါအဝင် ပစ်မှတ်ထားတိုက်ခိုက်လာသည်အထိ နည်းမျိုးစုံနဲ့ ဆန့်ကျင်လာ ကြပါတယ်။