ဖမ်းဝရမ်းထုတ်ထားသူတွေ တွေ့ရင် အကြောင်းကြားဖို့ ချင်းပြည်နယ်မှာ သတိပေး

နန္ဒာချမ်း(ဝါရှင်တန် ဒီစီ)
2021-04-10
Share

ဒီရက်ပိုင်းမှာ MRTV နဲ့ မြဝတီရုပ်မြင်သံကြားတွေကနေ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသူတွေ စာရင်းကို ကြေညာနေတာပါ။ ဒီစာရင်းမှာ ပါတဲ့သူတွေ ချင်းပြည်နယ်ထဲက တောင်ပေါ်ရွာတွေကို ရောက်လာရင် လက်မခံဘဲ ချက်ချင်းအကြောင်းကြားဖို့ ဟားခါးမြို့နယ်တွင်းက ရွာတချို့နဲ့ တီးတိန်မြို့နယ်တွင်းက ရွာတချို့မှာ စစ်တပ်က လိုက်လံပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကား ၅ စီး အင်အား ၂ဝ လောက်နဲ့ ဟားခါးမြို့နယ်တွင်းက ရွာတွေကို ဧပြီလ ၅ ရက်နေ့စပြီး သတိပေး ခြိမ်းခြောက်တာတွေတဲ့အကြောင်း ဆတ္တားရွာက အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းဝရမ်း ထုတ်ထားတဲ့ဟာတွေ လာလို့ရှိရင်တော့ လက်မခံနဲ့ ဖမ်းဝရမ်ထုတ်ထားတဲ့ဟာတွေ လာလို့ ရှိရင် သတင်းပို့ပါလို့ ပြောတယ်။ ပြီးတော့ သတင်းမပို့လို့ရှိရင်တော့ ခင်ဗျာတို့လည်း နာမယ်လို့ ပြောတယ်။ ရွာမှာ အဲလိုပြောပြီးတော့ ဟားခါးဘက်ကို ချက်ချင်းပြန်သွားပါတယ်”

ဟားခါးမြို့နယ်တွင်းက သီးနမ်၊ ဇိုခွာ စတဲ့ အိမ်ခြေများတဲ့ ရွာတွေမှာတော့ ရပ်မိရပ်ဖတွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးတွေကို ပြောဆိုခဲ့တာပါ။

ရွာတွေမှာ အခုလို လိုက်ပြီးခြိမ်းခြောက်ပြောဆိုနေသလို၊ မြို့အဝင်အထွက်နဲ့ ရွာအဝင်အထွက် စစ်ဆေးရေး ဂိတ်တွေမှာလည်း သွားလာနေသူတွေကို ဝရမ်းထုတ်ခံထားရသူတွေရဲ့ ဓာတ်ပုံတွေနဲ့တိုက်ပြီး တင်းတင်း ကျပ်ကျပ် စစ်ဆေးနေတာဖြစ်ပါတယ်။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ချင်းပြည်နယ်ထဲက ဝန်ထမ်းတွေကိုလည်း ခေါ်ယူစစ်ဆေး တာတွေ လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

“ရွာဘက်ခရီးသွားတာမျိုးဆိုလို့ရှိရင် ဂိတ်တွေမှာ စစ်ကြတယ်။ CDM ဝင်တဲ့ ဝန်ထမ်းလား။ အဲလိုဟာမျိုး စစ်ဆေးပြီးတော့ ပါလာတဲ့ ပစ္စည်းတွေ အကုန်ရှာတာမျိုးလည်း ရှိတယ်။ တကယ်တော့ ခံစားချက်က စိတ်ကမလုံခြုံဘူး။ ဒီတိုင်းနေလည်း စိတ်ကမလုံခြုံဘူး။ အာဏာသိမ်း ကတည်းကပေါ့နော်။ စိတ်ထဲ မှာတော့ အဲလိုခံစားမိတယ်။ ဘယ်နေရာ သွားသွားပေါ့နော်။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေနေတာတောင်မှ စိတ်ကတော့ မလုံခြုံဘူး”

ဟားခါးမြို့ကျန်မာရေးဌာနက CDM ဝန်ထမ်းတွေကိုလည်း လိုင်စင်သိမ်းမယ်လို့ ခြိမ်းခြောက်ပြီး တာဝန် ပြန်ထမ်းဆောင်ဖို့ အထက်အရာရှိပိုင်းတွေက ဖိအားပေးတာလုပ်နေကြောင်း သူနာပြုဆရာမတွေက ပြောပါတယ်။

ဒီလို ခြိမ်းခြောက်တာတွေရှိပေမယ့် လောလောဆယ် အလုပ်ထုတ်တာမျိုးတော့ မတွေ့ရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေကိုတော့ လောလောဆယ် အလုပ်ထုတ်တာ မရှိသေးဘူး။ တခြားဝန်ထမ်း တွေကိုတော့ အလုပ်ထုတ်တာမျိုးတွေရှိတယ်။ ကျမတို့ကတော့ အဆိုးဆုံးအထိလည်း တွေးထားတယ်။ အကောင်းဆုံးအထိလည်း မျှော်လင့်တယ်။ CDM အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့နေနေတယ်။ ဒါပေမဲ့ အခန့်မသင့်လို့ အလုပ်ပြုတ်သွားမယ်ဆိုလည်း ကျေနပ်တယ်။ ဒီအာဏာရှင်စနစ်ကိုတော့ လုံးဝ မကြိုက်ဘူး”

ချင်းပြည်နယ် ဟားခါးမြို့မှာ တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ခုနစ်ဦး ရှိနေပြီး၊ ချင်းပြည်နယ်တစ်ခုလုံးမှာဆိုရင် ဖမ်းဝရမ်းထုတ်ခံထားရသူ ပေါင်း ၂၂ ဦးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူတွေရဲ့ နာမည်စာရင်း စာရွက်တွေကိုလည်း မြို့ပေါ်က လူစည်ကားတဲ့နေရာတွေမှာ ရဲတွေက ကပ်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဒီလိုခြိမ်းခြောက်ဖိနှိပ်မှုတွေကြားကပဲ ချင်းပြည်နယ် ဟားခါးနဲ့ တီးတိန်မြို့ နယ်တွေမှာ အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ဆုတောင်းပွဲတွေကို ပုံသဏ္ဍန်မျိုးစုံနဲ့ ဒီနေ့အထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့