ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးစားနေ

2022.11.07
Share on WhatsApp
Share on WhatsApp
ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးစားနေ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တွေ့ရစဉ်။
Photo: AFP

စစ်ကောင်စီဟာ ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ချင်တာကြောင့် ကုမ္ပဏီ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် (MyCo) ကို ပိုပြီးစိစစ်လာတယ်လို့ ကုမ္ပဏီဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

MyCo စနစ်ကို အများပြည်သူ အသုံးပြုရလွယ်စေပြီး နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်ထားပေမယ့် ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေက ဥပဒေပါပြဋ္ဌာန်းချက်တွေကို လိုက်နာမှုအားနည်းနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က နိုဝင်ဘာ ၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်တာဟာ စစ်ကောင်စီအနေနဲ့ ကုမ္ပဏီတွေရဲ့ဘဏ်စနစ်နဲ့ ငွေကြေးစီးဆင်းမှုကို အဓိကထိန်းချုပ်လို့ ဖြစ်နိုင်ကြောင်း ပြည်တွင်း ကုမ္ပဏီလိုင်စင်တွေ လျှောက်ထားပေးနေတဲ့ အေဂျင်စီတစ်ခုက RFA ကိုပြောပါတယ်။

“ တော်တော်များများက ကုမ္ပဏီတွေဖွင့်ကြတယ်။ လူတွေကလည်း ဖွင့်တာဖွင့်ကြတာ ကျနော်အတွေ့အကြုံအရ ပေါ့လေ၊ တစ်ဝက်လောက်က နားမလည်ဘူး။ ဒီကုမ္ပဏီ ဘဏ်အကောင့် ဖွင့်ရမယ်ဆိုတာကို မသိဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်နဲ့ပဲ သုံးကြတာများတယ်။ အဲလိုမျိုးတွေကိုလည်း ထိန်းချုပ်ဖို့ရှိလောက်တယ် ကျနော် ထင်တာလေ။ အဓိကကတော့ ငွေကြေးစီးဆင်းမှုပဲ ဖြစ်မှာပေါ့ဗျာ။ ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ချင်လို့နေမှာပေါ့ “

နိုဝင်ဘာလ ၄ ရက်နေ့မှာ DICA ကထုတ်ပြန်တဲ့ ကုမ္ပဏီဥပဒေ စည်းကမ်းချက်တွေဟာ နဂိုကတည်းက ရှိပြီးသားတွေ ဖြစ်တာကြောင့် နောက်ထပ်တိုးလာနိုင်တဲ့ စည်းကမ်းချက်တွေကို စောင့်ကြည့်နေတယ်လို့ ကုမ္ပဏီဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

DICA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကုမ္ပဏီတွေအနေနဲ့ နှစ်စဉ် အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်တာတွေကြောင့် အရေးယူခံရတဲ့ကုမ္ပဏီတွေ များလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ပိုပြီးနားလည်စေဖို့အတွက် စိစစ်တာတွေကို တိုးမြှင့်ပြီး စည်းကမ်းမလိုက်နာတဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ DICA က အသိပေးကြေညာထားပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဟာ ၂၀၁၇ ခုနှစ်မှာ စတင်အာဏာတည်ခဲ့ပြီး ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCo) ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။