မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေး သတိပြုနေကြောင်း စစ်ကောင်စီပြော
2024.11.30
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ပျက်ပြားမှု မရှိစေရေးအတွက် နယ်စပ်ဒေသ ဆက်ဆံရေးကို သတိပြုဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေက နိုဝင်ဘာ ၃၀ ရက် ဒီနေ့ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhaka Tribune သတင်းမှာဖော်ပြခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ ကော့ဘဇားခရိုင် စိန့်မာတင်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတစ်ဦးကို စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ဖော်ပြချက်နဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုရာမှာ အခုလို ဖော်ပြထားတာပါ။
ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ စစ်ကောင်စီရဲ့ ရေတပ်လည်း မရှိသလို စစ်တွေဘက်က ရေနဲ့ ရိက္ခာဖြည့်ပြီး ပြန်လာတဲ့ စစ်ရေယာဥ်တစ်စင်းဟာ မြင်းလွတ်ရွာရဲ့ အနောက်တောင်ဘက် ငါးမိုင်အကွာမှာ ရောက်ရှိအခြေပြုနေတဲ့ ဖြစ်စဥ်တစ်ခုပဲ ရှိတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒီဖြစ်စဥ်ဟာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်အချင်းချင်း အောက်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင်ပေမဲ့ မီဒီယာတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားအောင် လုပ်နေတာဖြစ်နိုင်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhaka Tribune ရဲ့ ဖော်ပြချက်အရတော့ နိုဝင်ဘာလ ၂၇ ရက်က စိန့်မာတင်ကျွန်းအနီးမှာ အသက် ၄၀ အရွယ် ငါးဖမ်းလုပ်သားတစ်ဦးကို စစ်ကောင်စီ ရေတပ်ကပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့တဲ့အကြောင်း ဒေသခံရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။
ဒီ့အပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဗိုလ်မှူးအဆင့်ရှိသူကလည်း စစ်ကောင်စီရေတပ်က မှားယွင်းပစ်ခတ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က မြန်မာရေပိုင်နက်ထဲ လမ်းမှားရောက်သွားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေကို စစ်ကောင်စီရေတပ်က ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးခံရမှုအပေါ် ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောထားပါတယ်။