မြေရှားသတ္တုတူးဖော်တာ ကန့်ကွက်သူတစ်ဦး ပြည်သူ့စစ်ရဲ့ ဖမ်းဆီးခံထားရ
2022.04.12
ကချင်ပြည်နယ် ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ထွန်းရှိန်ရွာသားတစ်ဦးကို ဦးဇခုန်တိန့်ယိန်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဧပြီလ ၁၁ ရက် မနေ့က ဖမ်ဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ထွန်းရှိန်ရွာအနီးမှာ မြေရှားသတ္တု (Rare Earth) တူးဖော်တာကို ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ အခုလို အဖမ်းခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဖမ်းခံရတဲ့သူက မြေရှားသတ္တုတူးဖော်ဖို့ ကန့်ကွက်နေတာ ဟုတ်တယ်၊ ရွာမှာ မြေရှား သတ္တု မရှာဖွေဖို့၊ မစမ်းသပ်ဖို့ပေါ့၊ ဒါကြောင့် မြေရှားသတ္တု တူးဖော်ချင်တဲ့အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက လာဖမ်းသွားတာ ဟုတ်တယ်”
ဖမ်းဆီးခံရသူ ဦးယော်ဇုန်းဟာ ထွန်းရှိန်ကျေးရွာက ဆယ်အိမ်မှူးဖြစ်ပြီး မနေ့က မနက် ၉ နာရီလောက် ဦးဇခုန်တိန့်ယိန်း လက်အောက်က လဂွေ ပြည်သူ့စစ်က ခေါ်သွားတာဖြစ်ပြီး ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဦးယော်ဇုန်း ဆိုင်ကယ်စီးလာစဉ် လဂွေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးခမ်ဘောမ့်ရဲ့ ညွန်ကြားချက်အရ ဆိုပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်ခြောက်ဦးက ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး ဖမ်းသွားတာလို့ ဆိုပါတယ်။
ထွန်းရှိန်ရွာနဲ့ နုဇွန်ဘော်ရွာမှာ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေကြတာမို့ ဒေသခံတွေရဲ့ လယ်ယာတွေ၊ ရွာအတွက် သောက်သုံးရေတွေ၊ စားကျက်မြေတွေ ဆုံးရှုံးမှာမို့ ကန့်ကွက်နေ တာလို့ ဆိုကြပါတယ်။
ချီဖွေမြို့နယ် ပန်ဝါဒေသအနီးတစ်ဝိုက်မှာ ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ နယ်ခြားစောင့် တပ်တွေ၊ စစ်ကောင်စီတပ်တွေက တရုတ်လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး မြေရှားသတ္တု တူးဖော်နေ တာလို့ ဒေသခံတွေက ပြောကြပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တရုတ်နိုင်ငံရဲ့ အထွေထွေအခွန်စီမံခန့်ခွဲရေးဌာန (China Custom) ရဲ့ အချက်အလက်တွေအရ လွန်ခဲ့ တဲ့ ၂၀၁၇ ခုနှစ် မေလကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တု မက်ထရစ်တန်ချိန် တစ်သိန်းလေးသောင်းကျော် (Matric Ton) အထိ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ကျော်ထိ ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။
Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဆယ်လူ လာဖုန်း၊ ကွန်ပျူတာ Hard Disk၊ လျှပ်စစ်ကား၊ ကွန်ပျူတာ မော်နီတာနဲ့ တီဗီဖန်သားပြင်လို လူသုံးများတဲ့ အီလက်ထရွန်နစ်ပစ္စည်း တွေမှာ အဓိကအသုံးပြုပါတယ်။