ပြည်သူ့စစ်သင်တန်းတက်ဖို့ နေ့စားခပေးပြီး စစ်ကောင်စီ စည်းရုံးနေ
2023.09.20

စစ်ကောင်စီ အာဏာပိုင်တွေက ဧရာဝတီတိုင်းက ပြည်သူတွေကို နေ့စားခပေးပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ပုသိမ်မြို့နယ် ချောင်းသာနဲ့ ငွေဆောင်က စုစုပေါင်း လူ ရှစ်ဆယ်ခန့်ကို နေ့စားခ တစ်ရက် ကျပ်ငါးထောင်ပေးပြီး ပုသိမ်မြို့ရှိ အမှတ် (၂၇၁) တပ်ရင်းမှာ ခုနစ်ရက်ကြာ ပြည်သူ့စစ်သင်တန်းပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ အမှတ် (၁) နဲ့ အမှတ် (၂) ရပ်ကွက် အနီးဝန်းကျင်မှာရှိတဲ့ သဲဖြူ၊ မိကျောင်းခေါင်း စတဲ့ကျေးရွာတွေကနေ လူ ၃၀ ကို နေ့စားခပေးပြီး ပုသိမ်မှာ ပြည်သူ့စစ်သင်တန်းတက်ခိုင်းနေတာလို့ အမည်မဖော်လိုတဲ့ ငရုတ်ကောင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ကိုတော့ တစ်ယောက်ကို ငါးထောင်။ ငါးထောင်က မုန့်ဖိုးသဘောမျိုး ပေးတယ်ပေါ့ဗျာ။ အဲဒါက နေ့စားလို ပုံစံတော့ ဖြစ်ရင်ဖြစ်မှာပေါ့နော်။ တစ်ယောက်ကို ငါးထောင်ပေးတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ခေါ်သွားခံရသူတွေလည်း အခုထိ ပြန်မရောက်သေးဘူး။ သင်တန်းက ခုနစ်ရက်လို့ ပြောတယ်"
အခုပေးနေတဲ့ သင်တန်းအပြင် နောက်တစ်သုတ်တက်ဖို့ လက်မှတ်ထိုးထားသူတွေကို ငရုတ်ကောင်းမြို့ စစ်ကောင်စီအဖွဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဒီရက်ပိုင်းမှာ စာရင်းပြုစု လူစုနေတာတွေ့တယ်လို့လည်း သူက ပြောပါတယ်။
အရင်ကတော့ စစ်တပ်ထောက်ခံသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကိုပဲ ပြည်သူ့စစ် သင်တန်းတက်ခိုင်းလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် သာမန်အရပ်သားတွေကိုပါ ဖိအားပေးခေါ်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စကြောင့် ပြည်သူ့စစ်သင်တန်း မတက်ချင်တဲ့ လူငယ်တချို့ တခြားမြို့ရွာတွေမှာ တိမ်းရှောင်နေရတယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း၊ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။