မြန်မာ့လူဦးရေတစ်သန်းကျော် ရေကြီးမှုနဲ့မုန်တိုင်းဒဏ်ကြား နေထိုင်နေရ
2023.02.26
မြန်မာနိုင်ငံကလူဦးရေတစ်သန်းကျော်ဟာ ရေကြီးတာ၊ မုန်တိုင်းတိုက်ခိုက်တာစတဲ့သဘာဝဘေးအန္တရာယ်ကြား မှာနေထိုင်နေရပြီး သဘာဝဘေးကြောင့်ဆုံးရှုံးမှုများနိုင်လို့ ပြည်သူတွေအနေနဲ့ မမေ့မလျော့ကြိုတင်ပြင်ဆင်ထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကတိုက်တွန်းလိုက်ပါတယ်။
အွန်လိုင်းကနေ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနေ့ကကျင်းပတဲ့ သဘာဝဘေးအန္တရာယ်များနှင့်ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေ များလျှော့ချခြင်း ဆွေးနွေးပွဲမှာ အဲဒီလိုပြောတာပါ။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက လူဦးရေသုံးပုံတစ်ပုံဟာ ၂၀၀၈ နာဂစ်ဆိုက်ကလုန်း မုန်တိုင်းကျရောက်ချိန်မှာ သဘာဝဘေးကိုအကာအကွယ်မဲ့ကြုံတွေ့ခဲ့ရပြီး ဖြစ်တယ်လို့လည်းပြောပါတယ်။
ဒီ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာလေးဘီလီယံ ဆုံးရှုံးခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ မြေပြိုမှုတွေကြောင့် ဒေါ်လာ ၁.၅ ဘီလီယံလောက်ဆုံးရှုံးခဲ့ရတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ကမ္ဘာတစ်ဝန်း ပြီးခဲ့တဲ့ ၁၉၇၀ပြည့်နှစ် ကနေ ၂၀၂၀ အထိဖြစ်ခဲ့တဲ့ မုန်တိုင်း၊ မြေငလျင်၊ မြေပြိုမှု၊ မီးတောင် ပေါက်ကွဲမှု၊ တောမီးလောင်မှု စတဲ့ သဘာဝဘေးအန္တရာယ်တွေထက် ၂၀၂၀ ကနေ ၂၀၃၀ ပြည့်နှစ်အတွင်း ဖြစ်ပွားမယ့် သဘာဝဘေးက ၄၀ ရာခိုင်နှုန်းပိုများလာမယ်လို့ ပညာရှင်တွေက သုံးသပ်ထား တဲ့အကြောင်းလည်း ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေဟာ လူကြောင့်ဖြစ်တာရှိသလို ရာသီဥတုဆိုင်ရာ၊ ဘူမိရုပ်သွင်ဆိုင်ရာနဲ့ ဇီဝသက်ရှိ ဆိုင်ရာ ဘေးအန္တရာယ်ဆိုပြီး လေးမျိုးရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်က ၈၃ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုရဲ့နောက်ဆက်တွဲအနေနဲ့ အပူလိုင်းဖြတ်တာတွေ၊ မိုးခေါင်တာတွေ၊ မိုးသည်းထန်တာတွေ၊ ရေခဲတောင်အရည်ပျော်တာတွေ ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေ ဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။
ပင်လယ်ရေမျက်နှာပြင်ဟာ ၂၀၂၀ပြည့်နှစ် ကနေ ၂၀၂၉ ခုနှစ် အတွင်း ၅ စင်တီမီတာ ကနေ ၁၃ စင်တီမီတာ မြင့်တက်လာနိုင်ပြီး ကမ်းရိုးတန်းဒေသမှာနေထိုင်သူတွေကို အကျိုးသက်ရောက်နိုင်တယ်လို့ ပြောပါတယ်။