ရုရှားသမ္မတက မြန်မာစစ်ခေါင်းဆောင် နှစ်ဦးကို ဘွဲ့တံဆိပ်တွေ ပေးအပ်
RFA Burmese
2023.12.06
2023.12.06
ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ရုရှား-မြန်မာ ပိုမိုနီးကပ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့ဆိုပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai PATRUSHEV ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက် ပေးအပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Order of Alexander Nevsky ဘွဲ့နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို Order of Friendship ဘွဲ့တံဆိပ်တွေ ပေးအပ်ခဲ့တာပါ။
ဘွဲ့တံဆိပ် လာရောက်ပေးအပ်ခဲ့တဲ့ Mr. Nikolai PATRUSHEV ကိုလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သရေစည်သူဘွဲ့ ပြန်လည် ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှား ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ကာကွယ်ရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ စီးပွားရေးနဲ့ လျှပ်စစ်ကဏ္ဍတွေ ဆွေးနွေးခဲ့သလို နိုင်ငံတကာ မျက်နှာစာမှာ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေပြီး အစဉ်အမြဲ ရပ်တည်သွားမယ်ဆိုတဲ့ ရပ်တည်ချက်ကိစ္စပါ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ရုရှား-မြန်မာ နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို တနင်္သာရီတိုင်း မြိတ်မြို့အနောက်ဘက် မြန်မာ့ရေပိုင်နက်မှာ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူတာတွေ ခံနေရတဲ့ စစ်ကောင်စီဟာ ဒီနှစ်ပိုင်းမှာ ရုရှားနဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို တိုးမြှင့်လုပ်ဆောင်လာတာလို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။