ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNDF ပြော

RFA Burmese
2024.09.05
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNDF ပြော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်သည့် လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အစည်းအဝေးတွင် တွေ့ရစဉ်။
Myanmar Military

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာလ ၄ ရက် မနေ့က ရောက်ရှိနေချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ရောက်နေချိန်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) က လွိုင်ကော်ကို ရောက်လာမယ် သတင်းရတယ်။ ကျွန်တော်တို့က လက်နက်ကြီးအဖွဲ့ကို အဆင်သင့်ပြင်ခိုင်းပြီး ပစ်ခတ်ခဲ့တာပါ။ အထဲက ရှိနေသူတွေ ထိခိုက်ဒဏ်ရာရတယ်လို့ ကြားပေမဲ့ အရေအတွက်အတိအကျတော့ မသိရသေးပါဘူး"

လက်နက်ကြီးဟာ လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ကျရောက်ပေါက်ကွဲသွားတယ်လို့ KNDF ဘက်က ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ လွိုင်ကော်မြို့ အနီးဝန်းကျင်ကို စက်တင်ဘာလ ၅ ရက်နေ့ ဒီနေ့မနက်ပိုင်းအထိ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့က လွိုင်ကော်ခရီးစဉ်အတွင်း ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ကိုသွားရောက်ပြီး တပ်နယ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိစ္စ၊ လွိုင်ကော်ဒေသအတွင်း စစ်ဘက်ဆိုင်ရာ လုံခြုံရေး အခြေအနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေတွေကို ဆွေးနွေးသွားတယ်လို့ စစ်ကောင်စီ သတင်းစာတွေက စက်တင်ဘာလ ၅ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဒီ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းက ဆီဆိုင်မြို့နယ်ကို သွားရောက်ပြီး ပြည်သူ့စစ်တွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတချို့ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။