အရေးပေါ်ကာလ ခြောက်လထပ်တိုးပြီး စစ်ခေါင်းဆောင် အာဏာဆက်လက်ရယူ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.02.01
Share on WhatsApp
Share on WhatsApp
အရေးပေါ်ကာလ ခြောက်လထပ်တိုးပြီး စစ်ခေါင်းဆောင် အာဏာဆက်လက်ရယူ အာဏာသိမ်းနှစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးများရှေ့တွင် မြန်မာနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြစဉ်။
Reuters

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်ဖို့အချိန်လိုအပ်နေသေးတာကြောင့် အရေးပေါ်ကာလကို ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နောက်ထပ် "ခြောက်လ" ထပ်တိုးပေးဖို့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆိုခဲ့ပြီး အဖွဲ့ဝင်တွေက သဘောတူခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကာကွယ်ရေးဦးစီးချုပ်ထံကို နိုင်ငံတော်အာဏာကို ထပ်မံအပ်နှံတယ်လို့ ကာ/လုံအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

ထပ်တိုးလိုက်တဲ့ အရေးပေါ်ကာလ ခြောက်လပြည့်ပြီးနောက်မှာ ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်အခြေအနေကို ကာလုံထံ ထပ်မံတင်ပြမယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပညာပေးဖို့နဲ့ သာမာန်အခြေအနေအတိုင်း လမ်းပန်းဆက်သွယ်မှုလွယ်ကူအောင်လုပ်ဆောင်ဖို့ အချိန်လိုအပ်နေသေးတယ်လို့ စစ်ခေါင်းဆောင်က ဒီနေ့ အစည်းအဝေးမှာပြောပါတယ်။

မဲပေးခြင်း၊ မပေးခြင်းက ပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ဆန္ဒသာဖြစ်ပြီး မဲပေးနိုင်ရေးအတွက် အစိုးရကဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောပါတယ်။

သိက္ခာရှိတဲ့ရွေးကောက်ပွဲကို ပြန်ဆောင်ရွက်မှာဖြစ်ပြီး ပြည်သူတွေအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ မဲပေးခွင့်ရှိရမယ်လို့ ဆိုပါတယ်။

တည်ငြိမ်အေးချမ်းတဲ့ မူလအခြေအနေရောက်မှာသာ တစ်နိုင်ငံလုံးနေရာလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်ပြီး ဆူပူဆန္ဒပြမှုတွေ ၂၀၂၂ ခုနှစ်မှာ လျော့ကျသွားပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မိုင်းထောင်ဖောက်ခွဲမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၀၀ ရာခိုင်နှုန်းတည်ငြိမ်အေးချမ်းတဲ့မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့်မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိတယ်လို့ ဒီနေ့ကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရာခိုင်နှုန်းပြည့်အေးချမ်းတဲ့မြိုနယ် ၁၀၀ ကျော်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၀ ကျော်၊ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၀ ကျော်ရှိနေတယ်လို့ ဒီနေ့ကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

လူဦးရေစာရင်းကောက်ယူဖို့ခက်ခဲနေသလို နှောက်ယှက်သူတွေရှိနေပြီး အကြမ်းဖက်အုပ်စုတွေချုပ်ငြိမ်းသွားဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်တယ်လို့လည်း အစည်းအဝေးတက်ရောက်သူတွေက ဆွေးနွေးခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာ/လုံကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် စုစု‌ပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ သမ္မတ ဦးဝင်းမြင့် အဖမ်းခံထားရပြီး NLD ပါတီက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။ NLD ပါတီကပဲ ခန့်အပ်ထားတဲ့ စစ်တပ်အရာရှိဟောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ အရင်ကအစည်းအဝေးတွေကို မတက်ရောက်ခဲ့သလို ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက် အစည်းအဝေးကိုလည်း တက်ရောက်တာ မတွေ့ရပါဘူး။

လက်ရှိကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦး အပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2023-02-02 09:10

မတရားတဲ့ လုပ်ရပ်တွေကို ဘယ်အဖွဲ့အစည်းကဘဲ လုပ်လုပ်ထာဝရဆန့်ကျင်သွားမှာပါ။လူမျိုး/ဘာသာ/အဖွဲ့အစည်းအစွဲမထားသလိုမတရားတဲ့လုပ်ရပ်မှန်သမျှ အဖေ၊အမေ ဖြစ်နေရင်တောင်ဘယ်တော့မှမထောက်ခံပါဘူး။ အမှားတွေနဲ့ပဲ လျှောက်လှမ်းလာခဲ့တဲ့ကျွန်တော်တို့နိုင်ငံမှာ အမှန်တရားကတော့ ရှာလေ ပျောက်လေဖြစ်နေဦးမှာပါ။