တရုတ်ခရီးစဉ် အောင်မြင်ခဲ့ကြောင်း စစ်ကောင်စီပြော

RFA Burmese
2024.11.10
တရုတ်ခရီးစဉ် အောင်မြင်ခဲ့ကြောင်း စစ်ကောင်စီပြော တရုတ်ခရီးစဉ်မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အောင်မြင်တဲ့ခရီးစဉ်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောတဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဖော်ပြပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၅ ရက်ကနေ ၁၀ ရက်ကြာ မဟာမဲခေါင်ဒေသ အစည်းအဝေး အပါအဝင် အစည်းအဝေး သုံးခုကို တက်ရောက်ဖို့သွားခဲ့တာပါ။

ဒီခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့နဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းတွေ ထပ်မံတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တရုတ်ရဲ့နယ်မြေကို အခြေချပြီး မြန်မာနိုင်ငံကို ဆန့်ကျင်သူမှန်သမျှ လက်မခံသလို မြန်မာနိုင်ငံမှာ အခြေချပြီး တရုတ်ကို ဆန့်ကျင်နေသူတွေကိုလည်း လက်မခံကြောင်း ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက ဝန်ကြီးချုပ်တွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းသွားလာမှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာပြည်သူတွေကြား ဆက်ဆံရေးကို အဖုအထစ်ဖြစ်စေတယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က တုံ့ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။