သုံးလအတွင်း စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ်အထူးကိုယ်စားလှယ် နှစ်ကြိမ်တွေ့
2023.03.07

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ မတ်လ ၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ သုံးလအတွင်း နှစ်ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တုန်းကလည်း စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မတ်လ ၆ ရက် မနေ့က တွေ့ဆုံမှုမှာတော့ နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေနဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်အထူးကိုယ်စားလှယ် Mr. Sun Guoxiang ရဲ့နေရာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အစားထိုးဝင်ရောက်လာတဲ့ အထူးကိုယ်စားလှယ်သစ် Mr. Deng Xijun ဟာ တရုတ်- မြန်မာနယ်စပ်ဒေသကို ခြေကုတ်ယူလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကို တစ်လှည့်စီတွေ့ဆုံနေပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း တရုတ်နိုင်ငံယူနန်ပြည်နယ်မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံပြီးနောက် ရက်ပိုင်းအကြာ နေပြည်တော်ကိုလာပြီး စစ်ကောင်စီဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အခု ဒုတိယအကြိမ် စစ်ကောင်စီဥက္ကဋ္ဌ နဲ့ မတွေ့ဆုံမီက ဖေဖော်ဝါရီလ တတိယပတ်ထဲ မှာလည်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။