စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ မွန်ပြည်သစ်ပါတီ တွေ့ဆုံ

2022.05.23
စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ မွန်ပြည်သစ်ပါတီ တွေ့ဆုံ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ မေလ ၂၃ ရက် ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာ မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခွင့်ရဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စစ်တပ်ဘက်က အာမခံချက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက RFA ကို ပြောပါတယ်။

ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ပေးခဲ့သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ကတိပြုခဲ့တယ်လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့အနေနဲ့ အခုလို အာဏာသိမ်းတာဟာ မဲစာရင်းမှားယွင်းမှုတွေကြောင့်ဖြစ်ပြီး လာမယ့် ၂၀၂၃ သြဂုတ်လမှာ လွတ်လပ်မျှတတဲ့ အထွေထွေရွေးကောက်ပွဲတစ်ခုကျင်းပပြီး အာဏာပြန်လွှဲပေးသွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့လည်း နိုင်အောင်မငေးက ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့လည်း မေ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ စာရင်းပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုးဖွဲ့ရှိပြီး အဲဒီအထဲမှာ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့တို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။