အပစ်ရပ်အဖွဲ့တွေကို ထိုးစစ်ဆင်တာတွေ မလုပ်ခဲ့ကြောင်း စစ်ခေါင်းဆောင်ပြော

RFA Burmese
2024.06.08
အပစ်ရပ်အဖွဲ့တွေကို ထိုးစစ်ဆင်တာတွေ မလုပ်ခဲ့ကြောင်း စစ်ခေါင်းဆောင်ပြော ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Myanmar Military

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွေကို ချိုးဖောက်ပေမဲ့ စစ်ကောင်စီအနေနဲ့ ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မလုပ်ခဲ့ဘူးလို့ ဇွန်လ ၇ ရက်နေ့က အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ယာယီအပစ်ရပ်ဖို့သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဟာ သဘောတူညီချက်တွေကို ချိုးဖောက်လာပေမဲ့ စစ်ကောင်စီအနေနဲ့ ပြည်ထောင်စုအကျိုးကိုကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မကြာခင် နိုင်ငံရေးပါတီတွေ၊ သဘောတူစာချုပ်လက်မှတ် ရေးထိုးထားပြီးဖြစ်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ ဘယ်အဖွဲ့က အပစ်ရပ်သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်ဆိုတာ ထုတ်မပြောထားပါဘူး။

လတ်တလောမှာတော့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်တွေကို မလိုက်နာဘဲ TNLA တပ်ဖွဲ့တွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒီ့ထက် ပြင်းထန်လာရင် တုံ့ပြန်ဖို့ပြင်ဆင်ထားတယ်လို့ ဒီလဆန်းမှာ ပြောထားပါတယ်။

TNLA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို လက်လွှတ်လိုက်ရပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဒီနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က အပစ်ရပ်ခဲ့ကြပါတယ်။

ဟိုင်ဂင် အပစ်ရပ်စာချုပ် သဘောတူညီချက်အရ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ပါဝင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာအားလုံးကို လေကြောင်း၊ လက်နက်ကြီးအပါအဝင် ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့၊ အငြင်းပွားစရာတွေနဲ့ ပစ်ခတ်တာတွေဖြစ်လာရင် တွေ့ဆုံဆွေးနွေးတဲ့လမ်းစဥ်နဲ့ ဖြေရှင်းဖို့ဆိုတဲ့အချက်တွေကို သဘောတူထားကြတာဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီက အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။