စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်ရဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော
2024.09.04
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တပ်မတော်က မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး သတင်းရရှိတဲ့ပေါ်မူတည်ပြီး လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေကို ဘေးကင်းလုံခြုံရေး သတိပြုဖို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူခဲ့တဲ့ဒေသတွေမှာ ပြည်သူတွေကို နေရပ်မှာ ပြန်လည်နေထိုင်ဖို့ စည်းရုံးတာ၊ အတင်းအဓမ္မလူသစ် စုဆောင်းတာတွေ လုပ်နေပြီး ပြည်သူတွေကို လူသားတံတိုင်းအနေနဲ့ အသုံးပြုနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားနေပါတယ်။
နိုင်ငံရေးအရ အကျပ်အတည်းဖြစ်နေတာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်တာတွေ ကြိုးပမ်းနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့တွေက ရှမ်းပြည်နယ်က မြို့နယ်အတော်များများကို သိမ်းယူထားပြီး အာရက္ခတပ်တော် (AA) ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်က မြို့နယ်ထက်ဝက်လောက်ကို သိမ်းယူထားပါတယ်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့ကို သိမ်းယူထားပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း ကယားပြည်နယ်ထဲက မြို့နယ်တချို့ကို သိမ်းယူထားပါတယ်။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ရဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၇၆ မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။