မင်းပြားက ရေဘေးဒုက္ခသည် သုံးထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ

RFA Burmese
2024.09.19
မင်းပြားက ရေဘေးဒုက္ခသည် သုံးထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ မင်းပြားမြို့နယ် ဖုံသာချောင်းထဲမှ ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်နေသည်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Arakan Bay News Photo

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းအနီး မင်းကူးလမ်းကျေးရွာအုပ်စုက ရွာ ၁၃ ရွာဟာ စက်တင်ဘာ ၁၃ ရက်မှာ ရေကြီးနစ်မြုပ်မှုကြောင့် လူနေအိမ် ၂၂၄ အိမ်ပျက်စီးသွားသလို ဒေသခံ သုံးထောင်ခန့် ရေဘေးကြုံနေရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။

မင်းကူးလမ်း ကျေးရွာအုပ်စုထဲက ကိုင်းကြီး၊ ကျေးမကြီး၊ ကျေးမချေ၊ ပြင်ဝ၊ ပြင်ချောင်း၊ သရက်အုပ် စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ၁၃ ရွာ ရေဘေးကြုံခဲ့ရတာဖြစ်ပြီး ကျေးမကြီးရွာက အရပ်သားတစ်ဦးလည်း ရေစီးနဲ့မျောပါ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။

“နေအိမ် ၂၂၄ အိမ်က လုံးဝပျက်စီးသွားတယ်။ တချို့တဝက် ပျက်သွားတဲ့ အိမ်က ၅၈ အိမ်ရှိတယ်။ အဲဒီ ဒေသက ဆက်သွယ်သွားလာရေး အတော်ခက်ခဲတဲ့ ဒေသဖြစ်တယ်။ အခု နေအိမ်ပျက်သွားတဲ့ ရွာသားတွေကတော့ ဖြစ်သလို နေကြရတယ်။ ဒါကြောင့် စားနပ်ရိက္ခာရော၊ နေထိုင်းရေးအတွက်ရော အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်”

အခု ရေဘေးကြုံရတဲ့ ကျေးရွာတွေဟာ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော် (AA) က ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတာရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘယ်လို ကူညီပေးမှုတွေ လုပ်ဆောင်နေလဲ ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ AA ပြာခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်စတဲ့မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ သောင်းချီရေဘေးကြုံခဲ့ရပြီး အရပ်သားသုံးဦး သေဆုံးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။