မင်းတပ်မှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံရ
2024.11.07
ချင်းပြည်နယ် မင်းတပ်မြို့နယ် အမှတ်-၃ တိုက်နယ်က နှုန်းဘုံရွာကို နိုဝင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် နေအိမ်အဆောက်အအုံ ဆယ်လုံးထက်မနည်း ပျက်စီးသွားတယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင်ငါးရာ ဗုံးတစ်လုံးကို နှုန်းဘုံရွာအနီး ကြဲချခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု များခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“နေအိမ် ခုနစ်လုံး၊ စာသင်ကျောင်းနှစ်ဆောင်၊ ဘုရားကျောင်းနှစ်ဆောင် ပျက်စီးသွားတယ်။ အမိုးအကာတွေ အကုန်ပွင့်ထွက်ပြီး လန်ကုန်တာပေါ့။ အခုက ရာသီဥတုကလည်း တော်တော်လေးအေးနေတော့ ရှင်းလင်းရေးကလည်း အပြီးမသတ်နိုင်သေးဘူး”
လေကြောင်းကနေ ဗုံးကြဲခံရတဲ့ နေရာဟာ တိုက်ပွဲဖြစ်နေတာ မရှိဘဲ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်နေကြတာလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း နှုန်းဘုံရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မင်းတပ်မြို့နယ်ထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ တစ်လတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ရှိခဲ့တယ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF- Mindat) က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။