မင်းတပ်မှာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ကျော်လုပ်
2024.11.23
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ နိုဝင်ဘာလ ၂၂ ရက်မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်လုပ်တယ်လို့ မင်းတပ် ဒေသခံတွေက RFA ကို ပြောပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နို၀င်ဘာ ၂၃ ရက်နေ့ ဒီနေ့ မနက် ၁၀ နာရီ ခန့်အထိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲဟာ အချိန် ၁၉ နာရီကြာလာတဲ့အထိ အဆက်မပြတ်ဖြစ်နေတယ်လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရသူ ကိုယောမန်က RFA ကို ပြောပါတယ်။
"တိုက်ပွဲကတော့ တောက်လျှောက် ရက်ဆက်ထိတွေ့နေတယ်။ စစ်ကောင်စီက ဖိုက်တာနဲ့ တောက်လျှောက်လာဗုံးကြဲတယ် "
စစ်ကောင်စီတပ်ဟာ ပေါင် ငါးရာဗုံးသီး၊ အတွဲလိုက်ဗုံးသီးတွေအပြင် ဆင့်ပွားပေါက်ကွဲအားပြင်းတဲ့ Cluster ဗုံးတွေကို အသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တချို့ ထိခိုက်ပျက်စီးတာရှိပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ဒေသခံတွေနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီနေ့မနက် ၆ နာရီခန့်မှာ မကွေးလေတပ်ကနေ မင်းတပ်မြို့ပေါ် က ခြေလျင်တပ်ရင်း ခလရ (၂၇၄) ကို ရိက္ခာတွေ ချပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ အောင်ပွဲရနေတာတွေရှိတယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာလုပ်တဲ့ ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေပွဲမှာ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေးက ပြောထားပါတယ်။
တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ရဲ့ ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာလ ပထမအပတ်ကတည်းက မင်းတပ်မြို့မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရားကျောင်း အပါအဝင် နေအိမ် ငါးဆယ်ကျော် ပျက်စီးတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။