မင်းတပ် မဒပ်ရွာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ မဒပ်ရွာမှာ ဇွန်လ ၂၉ ရက်နေ့က စစ်တပ် လက်နက်ကြီးကြောင့် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်အခြေစိုက် ခလရ တပ်ရင်း (၂၇၄) က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်ဟာ မဒပ်ရွာက နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲပြီး အဲဒီ အိမ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ကလေး ပွဲချင်းပြီး သေဆုံးခဲ့တာလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုယောမန် က RFA ကို ပြောပါတယ်။
"အခု စစ်ကောင်စီတပ် ခလရ ၂၇၄ တပ်ရင်းနဲ့ မဒပ်ရွာဟာ ခြေလျင်သွားရင် ၁၆ မိုင် ကွာဝေးတယ်။ တပ်ကလည်း တောင်ထိပ်မှာရှိတယ်၊ ရွာကလည်း တောင်ပေါ်မှာရှိတယ်။ တောင်ထိပ်ချင်းတိုင်းတဲ့ ကောင်းကင်တိုင်နဲ့ဆို တပ်နဲ့ ရွာနဲ့က ပိုနီးသွားတာပေါ့နော်။ စစ်တပ်ပစ်တဲ့ လက်နက်ကြီးက မဒပ်ရွာမှာ ကျတာ။ အခုသေဆုံးသွားတဲ့ အသက် ၁၄ နှစ်အရွယ်ကလေး သူ့အိမ်ရှေ့မှာကျတာ။ အဲမှာပေါက်ကွဲတော့ သူရဲ့ ရင်ဘတ်ကို ထိတယ်။ နှလုံးထိတယ် ထင်တယ်၊ ပွဲချင်းပြီး သေတယ်"
အခု သေဆုံးတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့တုန်းက လက်နက်ကြီး ထိမှန်ပြီး ယာဘက်ခြေထောက် ဖြတ်လိုက်ရတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ရဲ့ အစ်ကို ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့တုန်းကလည်း မဒပ်ရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ်ကလေးနဲ့ မိခင်တို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အသက် ၁၁ နှစ်ကလေးက ညာဘက်ခြေထောက် ဖြတ်လိုက်ရပြီး မိခင်ကတော့ ခန္ဓာကိုယ်မှာ ပေါက်ကွဲလွင့်စင်လာတဲ့ ကျည်စတွေ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အနီးက ကျေးရွာတွေ လက်နက်ကြီးကျည်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံးထိခိုက်မှု ရှိနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
မနေ့က တစ်ရက်တည်း မဒပ်ရွာအနီးက ကြာအင်နူးရွာမှာလည်း မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တစ်လုံးနဲ့ အိမ်မွေးတိရစ္ဆာန်အချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့တုန်းကတော့ မင်းတပ်မြို့နယ်၊ မွီတွီကျေးရွာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် တောင်ယာလုပ်နေတဲ့ သက်ကြီးရွယ်အို နှစ်ဦးအပါအဝင် စုစုပေါင်း သုံးဦး သေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို တူမီးသေနတ်နဲ့ လက်နက်ကိုင်ခုခံမှု အစောဆုံး စတင်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။