မင်းတပ်မှာ CDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြောင့် ရွာ ၆ ရွာက ဒေသခံတွေထွက်ပြေးနေရ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.08.18

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကစပြီး မင်းတပ်မြို့မှာ မင်းတပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီ တပ်တို့ဟာ မနေ့က သြဂုတ်လ ၁၇ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးနားက ရွာပေါင်း ၆ ရွာက ဒေသခံတွေ တောတောင်တွေဆီ စစ်ဘေးရှောင်နေရတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်ပြေးတာတော့ ရှိတယ်။သူတို့က လက်နက်ကြီးတွေနဲ့ သုံးတာဆိုတော့ ပြည်သူကလည်း မထွက်ပြေး လို့ မရဘူးလေ။ သူတို့ လာမယ့်လမ်းကြောင်းတွေလည်း ထွက်ပြေးဖို့ ပြင်နေတာပေါ့။ တော်တော်များများ ထွက်ပြေးကြပါပြီ။ အခုကတော့ ဒီဒုက္ခသည်စခန်းပုံစံတွေထားလို့လည်း မရဘူး။ အခုက သူတို့က တောက် လျှောက်ထိုးစစ်ဆင်နေတာဆိုတော့ ရိက္ခာဖြတ်ထားတာလည်း ၁ လလောက်ရှိပြီ။ ရိက္ခာလမ်းကြောင်း လည်း မရှိ။ Camp နဲ့ ထားလည်း ကျွေးစရာမရှိ။ အဲဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ တောတွေထဲမှာ ပြေးဖို့ပြင်နေတဲ့သူတွေလည်း ရှိတယ်ပေါ့။ ပြေးပြီးသားသူတွေလည်း အများကြီးရှိတယ်။ အခုနောက်ပိုင်း အဲဒီတိုက်ပွဲကြောင့် မင်းတပ်-မတူပီ လမ်းမကြီးရဲ့ အနောက်တောင်ဘက်ခြမ်းလို့လည်း ပြောလို့ရတယ် ပေါ့။ ဒီဘက်ခြမ်းကတော့ ထွက်ပြေးတဲ့ရွာက ၅ ရွာ၊ ၆ ရွာလောက်ရှိပြီ။ ထိုးစစ်က ဒီနေ့ရော မနက်ဖြန်ရော ထပ်ပြီးလုပ်မယ် ဆိုရင်တော့ ဒီဘက်က ရွာပေါင်း ၂၀ ဝန်းကျင်လောက် ထွက်ပြေးရဦးမယ့် သဘောအခြေ နေရှိတယ်”

ဇူလိုင် ၂၆ ရက်နေ့က မင်းတပ်မြို့နယ် မကွီးအိမ်နူးမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းက ဗိုလ်ကြီး သိန်းထိုက် အပါ အဝင် ရဲနဲ့စစ်သား အယောက် ၂၀ ဟာ မင်းတပ် CDF အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပါတယ်။ စစ်ကောင်စီဘက်ဆီ ပြန်မသွားတော့ဘူးလို့ ကတိပြုတဲ့အတွက် သူတို့တွေကို လွတ်လွတ်လပ်လပ်နဲ့ ဘေးကင်းတဲ့နေရာဆီ ပို့ပေး နိုင်ဖို့ စီစဉ်ထားတယ်လို့ မင်းတပ် CDF ပြောခွင့်ရသူ ကိုယောမာန်က RFA ကို ပြောပါတယ်။

“မကွီးအိမ်နူးကလူတွေကို ကျွန်တော်တို့က ခေါ်လာတယ်။ ထိန်းသိမ်းလာတယ်။ ပြီးတော့ ကျွန်တော်တို့က မေးတယ်။စကစဆီ ပြန်သွားမလား။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် လွတ်ရာကျွတ်ရာကို သွားမလားလို့မေး တယ်။ ဆိုတော့ သူတို့က စကစဆီ ပြန်မသွားဘဲနဲ့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် နေချင်တယ်တဲ့၊ ဟုတ်ပြီ၊ ကျွန်တော်တို့က လုံခြုံတဲ့နေရာရောက်အောင် ခရီးစရိတ်ပေးမယ်။ လွတ်လွတ်လပ်လပ် ပြန်သွား ခွင့်ပြုမယ်။ လောလောဆယ် ကိုဗစ်တွေဖြစ်နေတော့ သူတို့တွေ မသွားကြသေးဘူး။ သွားလို့ လာလို့ မရသေးဘူးပေါ့နော်။ အဲတော့ ထိန်းသိမ်းထားတယ်။ နှိပ်စက်တာ ဘာမှမရှိဘူး။ အကုန်လုံးဒီတိုင်းပဲ နေရာတစ်နေရာမှာ နေဖို့ပြောတယ်။ ချည်နှောင်ထားတာသော် လည်းကောင်း၊ အကျဉ်းချထားတာသော် လည်းကောင်း မရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ အခန်းထဲမှာ နေနေမယ်။ အဲလိုမျိုးပဲ ရှိမယ်။ အခြေနေ အဆင်ပြေလာရင် လွတ်လွတ်ကျွတ်ကျွတ် လုံခြုံတဲ့တစ်နေရာကို ကျွန်တော်တို့ လိုက်ပို့ပေးမယ်။ ခရီးရှည်အတွက် ကျွန်တော်တို့ နည်းနည်းကူညီပြီးမှ သူတို့တာဝန်သူတို့ ဆက်ယူသွားမှာပေါ့နော်။ ကျွန်တော်တို့ အဲလိုရွေးချယ်ခွင့် ပေးထားတာပေါ့။ ဘာလုပ်ချင်သလဲပေါ့ သူ့ဟာသူ လွတ်လွတ်လပ်လပ် သွားချင်တယ်ဆိုတော့ ကျွန်တော်တို့က စီစဉ်ပေးတာပေါ့”

အဲဒီစစ်ကောင်စီအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ မင်းတပ် CDF နဲ့ ပူးပေါင်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က မင်းတပ်မြို့ကို ထိုးစစ်ဆင်လာခဲ့တာပါ။

"သူတို့က လက်နက်ကြီးတွေနဲ့ သုံးတာဆိုတော့ ပြည်သူကလည်း မထွက်ပြေးလို့ မရဘူးလေ"

မင်းတပ်မြို့ကို ရိက္ခာတွေမပို့နိုင်အောင် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ထားတဲ့အနေနဲ့ မင်းတပ် - မတူပီလမ်း မင်းတပ် - မကွေး လမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားတာကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ စစ်ဘေးရှောင်ကယ်ဆယ်ရေး လုပ်ပေးနေသူ နောက်တစ်ဦး RFA ကို ပြောပါတယ်။

“အခုထွက်ပြေးတဲ့ရွာတွေက အရင်တုန်းက မထွက်ပြေးဖူးဘူး။ သူတို့ မလာသေးလို့။ မင်းတပ်နဲ့ မကွီးအိမ် နူးမြို့ကြား လမ်းပေါ်မှာရှိတဲ့ ရွာတွေကျတော့ အခုမှ သူတို့က ထွက်ပြေးမှာနဲ့ဆိုတော့ နောက်ထပ်တိုးလာ မယ့် အခြေအနေမျိုးပဲရှိတယ်။ လောလောဆယ်ကတော့ စစ်ဘေးရှောင်က လျော့သွားတယ်၊ နေရပ်ပြန် နေလို့ ရတယ်ဆိုတာကတော့ မရှိသလောက်ပဲ။ ရိက္ခာဖြတ်ထားတာကျတော့ လုံးလုံးကို အိုင်အိုဒင်းဆား တစ်ထုပ်လေး၊ နို့ဆီဗူး တစ်ဗူးလေးတောင် သယ်လို့မရတာကတော့ ၂၅ ရက်လောက်ရှိပြီ”

သြဂုတ်လ ၁၀ ရက်နေ့ကလည်း လက်နက်ပစ္စည်း အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းတဲ့ စစ်သားတွေကို ဆုငွေသိန်း ၅၀ ပေးပြီး သွားချင်တဲ့နေရာကို သွားနိုင်ဖို့ စီစဉ်ပေးမယ်လို့ မင်းတပ် CDF က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မင်းတပ်မြို့နဲ့ မကွေးတိုင်း ကျောက်ထုမြို့တွေမှာ အာဏာဖီဆန်ရေး CDM လုပ်တဲ့ စစ်သားတွေ များလာတာ ကြောင့် သူတို့ကို တွန်းအားတစ်ခုဖြစ်စေဖို့အတွက် ခုလို ကြေညာချက်ထုတ်ခဲ့တာလို့ မင်းတပ် CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က RFA ကို ပြောပါတယ်။

mindat-villagers.jpg
(မင်းတပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ မင်းတပ် ဒေသခံတွေကို တွေ့ရစဉ် - Photo: CJ)

“မင်းတပ်မြို့တို့ ကျောက်ထုတို့ဘက်မှာတော့ တပ်ပြေးတွေ များသထက် များလာပြီ။ တကယ်လို့ မင်းတပ် CDF ကို မလာခဲ့ရင်တောင် သူတို့ လွတ်ရာကျွတ်ရာကို ပြေးဖို့အတွက် တွန်းအားတစ်ခုဖြစ်ဖို့၊ ပြီးတော့ တပ်ပြေးတွေများလာတဲ့အချိန်မှာ နောက်ကနေ တွန်းအားလေးဖြစ်ဖို့ ထုတ်တာ နံပါတ်တစ် အချက်ပေါ့။ နံပါတ်နှစ်အချက်က တကယ် ၅၀ ပေးဖို့ရှိသလားဆိုတော့ ရှိပါတယ်။ ရှိတယ်ဆိုသော်ငြားလည်း သူတို့ အယောက် ၁၀၀၊ ၂၀၀၊ ၃၀၀ လောက်အထိ ပြေးဝင်လာဖို့ မမျှော်လင့်ပါဘူး။ လက်ရှိမှာလည်း ဒီကြေညာ ချက်ကြောင့် ဝင်လာတဲ့သူ တစ်ယောက်မှ မရှိသေးဘူးပေါ့။ တကယ်ဝင်လာတဲ့သူရှိရင် ကျွန်တော်တို့က ကြိုဆိုဖို့ ကူညီဖို့ရှိတယ်။ နံပါတ်သုံး အချက်ကတော့ ပြည်သူ့ဘက်ကို သေနတ်ပြောင်း မလှည့်ချင်တဲ့ သူတွေ၊ စစ်ကောင်စီကို စိတ်ကုန်လာတဲ့ သူတွေ၊ တပ်တွင်းမှာ ထွက်ပေါက်မရှိ၊ ကြံရာမရ ဖြစ်နေတဲ့ စစ်သားတွေပေါ့။ အဲလိုမျိုး လူတွေကို ပြည်သူ့ဘက်ကို ပါလာပြီး ပြည်သူ့မေတ္တာခံယူဖို့အတွက် ဆွဲဆောင် တဲ့သဘော သိမ်းသွင်းတဲ့သဘောမျိုးနဲ့ ဒီစာကို ထုတ်ဖြစ်တာပါ”

မင်းတပ်မြို့မှာ စခန်းချထားတဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီဖက်က ရိက္ခာနဲ့ စစ်ကူအင်အား မပေးဘဲထားတာ လနဲ့ချီရှိနေတဲ့အတွက် စစ်ကောင်စီကို စိတ်ကုန်နေပြီလို့ မကွီးအိမ်နူးမြို့ စခန်းက စစ်ကောင်စီတပ်သားတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။